Wednesday, October 16, 2013

ပျူ ၁၂ ပြည်ထောင် ကို ထပ်တွေ့ခြင်း



ပျူ ၁၂ ပြည်ထောင် ကို ထပ်တွေ့ခြင်း
ပျူရာဇဝင် ၁၂စောင်တွဲအရ ပျူ ပြည်ထောင် ၁၂ ပြည်ထောင် ရှိကြောင်း ပြည်ထောင်စုထဲက ပအိုဝ်း ဆိုတဲ့ စာအုပ်ထဲက ဖော်ပြပေးခဲ့ဖူးပါတယ်။ ဒါကို လက်ခံရေးသားထားတဲ့ အခြား စာအုပ်/ စာစောင်တွေများ ရှိဦးမလားလို့ ရှာ တဲ့ အခါ “စန်းသမိန် ရဲ့ မြန်မာ့သွေး၊ မြန်မာ့ဓား၊ မြန်မာ့ စစ်ပညာ” စာအုပ်ထဲမှာ ပိုလို့ ပြည့်စုံစွာ ဖော်ပြထားပါတယ်။ ဆရာစန်းသမိန် ရဲ့ စာအုပ်ထဲမှာ ပိုလို့ ပြည့်စုံစွာ ပါတာကတော့ ပျူ ၁၂ ပြည်ထောင်အပြင် ၎င်းတို့ရဲ့ မြို့တော်များကိုပါ တွဲလျက် ဖော်ပြထားတာပါ။
၁။ အေလိုပျူ (မြို့တော်တကောင်း၊ ငဆောင်ချမ်း၊ တကောင်း)
၂။ ဟန်လင်းပျူ (မြို့တော်ဟန်လင်း)
၃။ ကချင်ပျူ (မြို့တော် ငမန္တာ၊ မိုးကောင်း)
၎။ ချင်းပျူ (မြို့တော် ဖလမ်း၊ တီးတိန်)
၅။ အစီရီပျူ (မြို့တော် ဓညဝတီ) ရခိုင် ကို ပြောတာပါ။
၆။ မြန်မာပျူ (မြို့တော် တောင်တွင်းဂေး၊ ကျောက်ပန်းတောင်း၊ ယုတ်လွှတ်၊ သီရိပစ္စယာ၊ 
တမ္ပဝတီ၊ ပုဂံ)
၇။ ကံဖိုစပျူ (မြို့တော် မိုးနဲ) ကမ္ဘောဇကို ပြောတာပါ။
၈။ ကိုင်းရယ်ပျူ (မြို့တော် ကိုင်းရယ်၊ ကျိုင်းတုံ)
၉။ ကလောက်ဂေးပျူ (မြို့တော် ကလောက်ဂေး၊ သထုံ)
၁၀။ တိန်မယ်ပျူ (မြို့တော် တိန်မယ်၊ ပဲကူး)
၁၁။ မှော်ဇာပျူ (မြို့တော် မှော်ဇာ)
၁၂။ တနင်္သာရီပျူ (မြို့တော် ထားဝယ်)

လူငယ်တွေ၊ ရှေးရာဇဝင်တွေ အကြောင်း စိတ်ဝင်စား သူတွေကို knowledge ပေးချင်တာ အဓိကပါ။  ဒါတွေကို အမှန်သမိုင်း အဖြစ် ပြောနိုင်ဖို့ကတော့ သုတေသနပြုမှုတွေ၊ တူးဖော်တွေ့ရှိ မှုတွေ၊ ခေတ်ပြိုင် မှတ်တမ်းတွေက သက်သေထူပါလိမ့်မယ်။ (အခု အတော်လေးကို တူးလည်းတွေ့၊ အချို့နေရာတွေမှာ မတူးဘဲတောင် တွေ့ သတင်းတွေ ကြားရပါတယ်။ တာဝန်အရ၊ စည်းကမ်းအရ၊ မပြောပဲသာ နေရမယ်။ အတူးဘက်က ဆရာများ သိကြ မှာပါ။ )
(ကိုသာဝ)

Sunday, October 13, 2013

ပအိုဝ်း တွေပြောတဲ့ ပျူ အကြောင်း

ပအိုဝ်း တွေပြောတဲ့ ပျူ အကြောင်း



ရှေး ရာဇဝင်တွေကို လက်လှမ်း မမီနိုင်တဲ့ ဝါသနာရှင် တွေနဲ့ လူငယ်တွေအတွက် ရည်ရွယ်ပါတယ်။ ပျူရာဇဝင် ၁၂စောင်တွဲမှာ ပျူ (၁၂) ပြည်ထောင် ရှိတယ်လို့ ဖော်ပြ ပါတယ်။ ၎င်း ပျူရာဇဝင် ၁၂စောင်တွဲက ရှားပါး သွားပြီ ဖြစ်လို့ ပအိုဝ်းလူမျိုးတွေက အဲ့ဒီ ပျူရာဇဝင် ကိုလက်ခံကြောင်း ရေးသားထားတဲ့ ပြည်ထောင်စု ထဲက ပအိုဝ်း စာအုပ်ထဲက ကောက်နှုတ် တင်ပြပါ့မယ်။ 


အောက်ပါ ပုံကတော့ ပျူ ၁၂ ပြည်ထောင် ရှိကြောင်း ဖော်ပြချက်ပါ။
အဲ့ဒီ ပျူ ပြည်ထောင် ၁၂ ပြည်ထောင်ကတော့
           ၁။ အေလိုပျူ

၂။ ဟန်လင်းပျူ
၃။ ကချင်ပျူ
၎။ ချင်းပျူ
၅။ အစီရီပျူ
၆။ မြန်မာပျူ
၇။ ကံဖိုးစပျူ
၈။ ကိုင်းရယ်ပျူ
၉။ ကလောက်ဂေးပျူ
၁၀။ တိမ်မယ်ပျူ
၁၁။ မော်ဇာပျူ
၁၂။ တနင်္သာရီပျူ
တို့ ဖြစ်ပါတယ်။

နောက်တစ်ခုက ဘယ်ရှေးမြန်မာ ရာဇဝင် တွေမှာမှ ပျူလူမျိုးတွေ မျိုးတုန်းပျောက်ကွယ် သွားတယ်လို့ မရေးပါဘူး။ ဒါပေမယ့်  “AD 832 မှာ နန်ချောင်က တိုက်လို့ ပျူတွေ အကုန်မျိုးပြုတ် ကုန်တယ်။ မြန်မာပြည် အလယ်ပိုင်းဧရာဝတီမြစ်ဝှမ်း ပျူတို့ရဲ့ ဒေသမှန်သမျှ ဟာနေသူမယ့် လစ်လပ်နေရာကြီး (vacuum) ဖြစ်သွားတယ်။ ” အဲ့သလို G.H Luce ကသူရဲ့ ကျောက်ဆည် စာတမ်း (Old Kyaukse And The Coming of The Burmans; 1959) မှာရေးခဲ့တယ်။
ဒါကိုပအိုဝ်းလူမျိုးတွေကလက်မခံကြောင်းလဲသူတို့ရဲ့ ပြည်ထောင်စုထဲကပအိုဝ်းထဲမှ ရေးထားတာ
တွေ့ရတယ်။ 


(ချင်းအမျိုးသားဆရာကြီး ပျူရှိန်းဂေရှိန်းကလဲ ပျူလူမျိုးတွေ မျိုးတုန်းပျောက်ကွယ် သွားတယ်ဆိုတာကို လုံး ဝ လက်မခံပါဘူး။ ဒါကိုနောက်မှ သပ်သပ် တင်ပြပါ့မယ်)
ရည်ရွယ်ချက်ကတော့ ရာဇဝင်က ပြောသလို ပျူ ၁၂ ပြည်ထောင် ရှိတယ် ဆိုတာ တကယ်လား။ သက်သေပြနိုင်ဖို့ မြေပေါ်မြေအောက် သုတေသန တွေလုပ်နေပြီလား။ ဘယ်လို သုတေသီတွေက လုပ်နေပြီး၊ သုတေသန ရလာဒ်တွေ ဘယ်လိုရှိသလဲ။ ပညာရှင် မဟုတ်တဲ့ ဝါသနာရှင်တွေ သိနိုင်ဖို့ရော ဘယ်လို စာတမ်း တွေကို ကြည့်ရမှာလဲ။ ဒါကတော့ ရှေးရာဇဝင် တွေနဲ့ ပတ်သက်လို့ပါ။
နောက် တစ်ခုက လုစ် ပြောတာကို ဘာလို့ လက်မခံ နိုင်ကြရတာလဲ။ လုစ်က ဘာ အထောက်အထား ရှိလို့ ဒီလို ပြောရတာလည်း၊ စသဖြင့် ဆက်လက် ဆန်းစစ်နိုင်စေဖို့ပါ။ 
(ကိုသာဝ)

Friday, October 11, 2013

ရာဇဝင်ထဲက ပျူမြန်မာ



ရာဇဝင်ထဲက ပျူမြန်မာ
          “ပျူဟာမြန်မာ မြန်မာဟာပျူ။ ပျူစစ်လျှင် မြန်မာ ” ဆိုတာအခုခေတ် ခရစ်နှစ် ၂၀၀၀ ကျော်မှ ခေတ်စားလာတဲ့ စကားလား။ ရှေးရှေးတုန်းကတည်းကရှိတာလား။ ကိုလိုနီခေတ် မတိုင်မီရှေးမြန်မာရာဇဝင်တွေ ကရောဘယ်လိုပြောသလဲ။ လက်လှမ်းမီသလောက် ရှာဖွေကြည့်တော့ အောက်ပါစာအုပ် ကိုသွားတွေ့ပါတယ်။ 

          အရိယဝံသ အရှင်အာဒိစ္စရံသီ မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး (အေဒီ ၁၇၆၆-၁၈၃၄)  ပြုစုတဲ့ စေတိယကထာ မည်သော ရာဇဝင်ချုပ် ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ် ဘကြီးတော် စစ်ကိုင်းမင်း (၁၈၁၉-၁၈၃၇) လက်ထက်မှာရေးသားခဲ့တာ ဖြစ်ပါတယ်။ ၁၈၂၄ မှာ ရေးသားပြုစုပြီး မှန်နန်းရာဇဝင်ထက် ၉နှစ်တာမျှ စော၍ ပြီးစီးခဲ့ပါ သတဲ့။ ခေတ်အဆက်ဆက်မှာ နန်းတက်ခဲ့ကြတဲ့ ဘုရင်များရဲ့ နန်းတက်သက္ကရာဇ် နှင့်တကွ ၎င်းဘုရင်တွေ တည်ထားခဲ့တဲ့ စေတီတော်များသမိုင်းအကျဉ်းမို့ “စေတိယကထာမည်သောရာဇဝင်ချုပ်” လို့ ကျမ်းပြုဆရာတော်က အမည်ပေးထားတာပါ တဲ့။ (ဦးကျော်ငြိမ်း၊ ညွန်ကြားရေးမှူး (ငြိမ်း) ၊ သမိုင်းသုတေသနဦးစီးဌာန၊ မြန်မာ့သမိုင်းကော်မရှင် အဖွဲ့ဝင် ၏ အမှာစာမှ )
          ဆရာတော်ကသုနာပရန္တတိုင်း၊ တမ္ပဒီပတိုင်း၊ ရှေးကျလှတဲ့ ဟံလင်းရာဇဝင် အစမှာဟော့ဒီလို ပြထားပါတယ်။

          ကမ္ဘာဦးက ဗြဟ္မာ၊ နတ်တို့ အနွယ်ကလာသည်။ ဗြဟ္မာ၊ နတ်တို့ကိုကိုးကွယ်လေ့ ရှိသောကြောင့် ဗြဟ္မာမျိုးဟူ၍ ခေါ်ကြလေကုန်၏။ ရှည်လျားသောကာလ ဗြူဟူ၍ လည်းကောင်း၊ မြန်မာဟူ၍ လည်းကောင်းတွင်ပြန်လေ၏။
          ထိုဗြဟ္မာမျိုး၊ ဗြူမျိုး၊ မြန်မာမျိုးဟု ဆိုအပ်သော သုနာပရန္တတိုင်းအပြင်၌ မန္ဓာတုဟူသော စကြာမင်း မရှိသည့်နောက် တိုင်းနိုင်ငံထောင်ထားကြ၍ ဇမ္ဗူဒီပါ ကျွန်းအပြင်၌ အသီးသီးမင်းမူကြသော ကာလ မနုဇန္ဒသမ္မတမင်းကြီးသည် ဟံသာနာဂရ မည်သောဟံလင်း မြို့ကြီးကိုတည်၏။
          အထက်ပါ အထောက်အထားအရ မုံရွေးဇေတဝန်ဆရာတော်ဘုရားကြီး ကလည်း ဟံလင်းရာဇဝင်ပါ အတိုင်း မြန်မာနှင့်ပျူ အတူတူလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ (ကုန်းဘောင်ခေတ်ကတည်းကမုံရွေးဇေတဝန် ဆရာတော်ဘုရားကြီးအရှင်အာဒိစ္စရံသီမှ မြန်မာနဲ့ ပျူ အတူတူလို့ ပြောခဲ့တဲ့ အထောက်အထားပါ)
          ပုဂံရာဇဝင်ကြီးပေမူမှာလည်း“သရေခေတ္တရာ ပြည် အရပ်၌ ကြွင်းသောမြန်မာဟူသော ပြူတို့”၊  “မြန်မာဟူသည်ကား ပျူ့သား ပျူ့မြေးတည်း” ဟုလည်းကောင်းဖော်ပြပါရှိပါတယ်။
ဒီဆောင်းပါးကတော့ သမိုင်းနဲ့ အလှမ်းကွာတဲ့သူတွေ၊ ရှေးမြန်မာရာဇဝင်တွေနဲ့ အလှမ်းဝေးတဲ့ လူငယ် တွေ၊ ဝါသနာရှင်တွေကိုရည်ညွှန်းပါတယ်။ ရှေးရာဇဝင်တွေမှာ ဒါတွေဒီလိုပါတယ် ဆိုတာကို knowledge ပေးချင်တာ ဖြစ်ပါတယ်။ ဒီတော့ကာ ပျူစစ်လျှင်မြန်မာ ဆိုတာ ရှေးအတီအတေ ကတည်းက မြန်မာရာဇဝင်မှာပါကြောင်း ဆိုတာကိုသိစေအပ်ပါတယ်။ 
AD 1912 နောက်ပိုင်းမှ ပျူဟာ မြန်မာနဲ့ မတူလို့ လုပ်ကြံခံရ ကြောင်းကိုတော့ ပျူ ဟာ မြန်မာနဲ့ မတူပါလို့ မှားယွင်းစေခဲ့တဲ့ သမိုင်းတရားခံများ မှာ ဖော်ပြပြီးပါပြီ။ 
(သမိုင်းပညာကတော့ ရာဇဝင်ပါ အချက်အလက်များကိုသံသယနဲ့ ကြည့်ပါတယ်။ ၎င်း ရာဇဝင်ပါ အချက်အလက်များဟာ ဘယ်လောက်အထိ အမှန်သမိုင်း ဖြစ်ပါတယ်ဆိုတာကို သုတေသနပြုပြီးပြည်တွင်း ပြည်တွင်း ပြည်ပ အထောက်အထားများနဲ့ ထုတ်ဖော်ရတာ ဖြစ်ပါတယ်။ ပျူမြန်မာသမိုင်းကို စိတ်ဝင်စားသူများ ဟာ(လူငယ်များ၊ ဝါသနာရှင်များ) ပြည်တွင်း၊ ပြည်ပခေတ်ပြိုင် အထောက်အထားများနဲ့ သုတေသန ပြု ဖော်ထုတ်ထားတာများကိုရှာဖွေ လေ့လာသင့်ပါတယ်။ သမိုင်း (History) ဘက်ကဆရာသမားများကတော့ သိပြီးဖြစ်၍ အထူးပြောစရာမရှိပြီ) 
(ကိုသာဝ)

Sunday, October 6, 2013

ပျူ ဟာ မြန်မာနဲ့ မတူပါလို့ မှားယွင်းစေခဲ့တဲ့ သမိုင်းတရားခံများ



ပျူ ဟာ မြန်မာနဲ့ မတူပါလို့ မှားယွင်းစေခဲ့တဲ့ သမိုင်းတရားခံများ
 ၁။       စီအို ဗလက်ဒင်  (ဘာသာဗေဒ ပါမောက္ခ၊ လန်ဒန်)

၂။       ဂျီအိပ်ခ်ျ လုစ်     (အင်္ဂလိပ်စာ ပါမောက္ခ၊ ရန်ကုန်ကောလိပ်)
၃။       ချားဒူရွိုင်ဆယ်လ် (ကျောက်စာဝန်)
          သူတို့အကြောင်း မပြောခင် ရာဇကုမာရေးထိုးခဲ့တဲ့ မြစေတီကျောက်စာလို့ အမှတ်မှား ခေါ်နေကြတဲ့ ဂူပြောက်ကြီး ကျောက်စာ က စရလိမ့်မယ်။ ၎င်း ကျောက်စာရဲ့ ဗြဟ္မီပွား အက္ခရာတွေနဲ့ ရေးထိုးထားတဲ့ နံပါတ်၎ စာမျက်နှာကို ပျူစာလို့ စိတ်အထင်နဲ့ လေဘယ်တပ်ခဲ့တဲ့ အကြောင်း။ (ခေါ်ရလွယ်အောင်လို့တဲ့။ သုတေသန မရှိပဲ၊ အထောက်အထား မရှိပဲ၊ စိတ်အထင်နဲ့ မှန်းဆ အမည်တပ်တာ)

မြစေတီကျောက်စာလို့ အမည်မှားတပ်ခံရတဲ့ ရာဇကုမာရဲ့ ဂူပြောက်ကြီးဘုရား အတွက် အလှူ မှတ်တမ်း ကျောက်စာ
၁၈၈၀ မှ ၁၈၉၀ အထိ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကျောက်စာဝန်အဖြစ် အမှုထမ်းသွားတဲ့ ဂျာမန်လူမျိုး အီးဖောသျှမ်းမား (ရန်ကုန်ကောလိပ်၊ ပါဠိပါမောက္ခ) လက်ထက်မှာ ဒေသခံ ပုဂံပြည်သူတွေ ထံက သတင်းရလို့ ရာဇကုမာကျောက်စာကို ကျောက်စာဝန်ဌာန (ယခု ရှေး/သု) က ၁၈၈၆ မှာ စတင် မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။ လေးမျက်နှာရှိတဲ့ ကျောက်စာတိုင်မှာ ပါဠိ၊ မြန်မာ၊ မွန် သုံးမျက်နှာကိုတော့ ဖတ်တတ်ပြီး ရှေးအက္ခရာတွေနဲ့ ရေးထိုးထားတဲ့ ကျန်တစ်မျက်နှာကိုတော့ မဖတ်တတ်ခဲ့ကြဘူး။
အမျိုးအမည်မသိ (unknown)
သုတေသန လုပ်ထုံးမှာ မည်သည့်လူမျိုး၊ မည်သည့်ဘာသာစကား မှန်းမသိသေးရင် အမျိုးအမည်မသိ (unknown) လို့ပဲ ခေါ်ရပါတယ်။ ကိုယ်ပေးချင်တဲ့ နာမည် ပေးလိုက်လို့ မရပါဘူး။ အဲဒီ သုတေသနလုပ်ထုံးနဲ့ အညီ ဂျာမန်ကြီး အီးဖောသျှမ်းမားက သူမသိလို့ မသိတဲ့အတိုင်း အမျိုးအမည် မသိ ကျောက်စာ (unknown inscription) လို့ ခေါ်ခဲ့ပါတယ်။
အီးဖောသျှမ်းမား နောက် ဒုတိယမြောက် ကျောက်စာဝန် တော်စိန်ခိုကလည်း အမျိုးအမည်မသိ (unknown) လို့သာ ဆက်လက်မှတ်တမ်း တင်ခဲ့တယ်။ ဆရာကြီးတော်စိန်ခို အငြိမ်းစားယူမယ့် (၁၉၁၁-၁၂) ကာလမှာ သရေခေတ္တရာ မြို့ဟောင်း ဘောဘောကြီး စေတီအနီးက အလားတူ စာတွေ ထပ်တွေ့ခဲ့ကြတယ်။ ရှေးဟောင်း ကျောက်အရိုးအိုးကြီး လေးလုံးပေါ်မှာ ထွင်းထားတာ။
ဆရာကြီးတော်စိန်ခိုနောက် တတိယမြောက် ကျောက်စာဝန်အဖြစ် ဆက်ခံမှာက ရန်ကုန်ကောလိပ် ပါဠိပါမောက္ခ ချားဒူရွယ်ဆယ်လ်။ အဲ့ဒီတုန်းက ရန်ကုန်ကောလိပ် အင်္ဂလိပ်စာ ပါမောက္ခ (သမိုင်းပါမောက္ခ မဖြစ်သေး) ဂျီအိပ်ခ်ျလုစ်က အကြံပြုလာပါတယ်။ ရာဇကုမာကျောက်စာက မဖတ်တတ်တဲ့ unknown စာမျက်နှာရယ်။ သရေခေတ္တရာ ကျောက်အရိုးအိုးကြီး လေးလုံးပေါ်က စာတွေရဲ့ မင်ကူးဓာတ်ပုံတွေကို လန်ဒန်တက္ကသိုလ်က ဂျီအိတ်ခ်ျလုစ်ရဲ့ ဆရာအရင်း မစ္စတာဗလက်ဒင် (ဘာသာဗေဒ ပါမောက္ခ) ထံ ပေးပို့ ဖတ်ခိုင်းဖို့ပါ။
သုတေသန လုပ်ထုံးကို ချိုးဖောက်ကာ ယာယီပျူလို့ အမည်တပ်လို့ မြစေတီပျူစာ ဖြစ်ရပုံ
          ဆရာကြီးတော်စိန်ခို၊ ချားဒူရွိုယ်ဆယ်လ် နဲ့ ဂျီအိတ်ခ်ျလုစ် တို့ဟာ ရာဇကုမာကျောက်စာ က unknown စာမျက်နှာရယ်၊ သရေခေတ္တတွေ့ အခြား အမျိုးအမည်မသိ စာ ၄မျိုးတို့ကို ဖတ်ရှု ဖော်ထုတ်ပေးဖို့ မစ္စတာဗလက်ဒင်ထံ အကူညီတောင်းခံရာက မြန်မာဟာ ပျူ မဟုတ် ဆိုတဲ့ ဇာတ်ရှုပ်ကြီး စတင်ပေါ်ပေါက် လာပါတော့တယ်။
          မစ္စတာဗလက်ဒင်ဟာ အထက်ပါ unknown စာတွေကို ဖတ်ကြည့်ပြီး အဓိပ္ပါယ်နဲ့ သဒ္ဒါကို မဖော်နိုင်လို့ သူလည်း ဘာစာမှန်း မသိပါဘူး။ သူ့အနေနဲ့ မသေခြာပေမယ့် ခေါ်ရလွယ်အောင် မှတ်ရလွယ်အောင် စိတ်အထင်မှန်းဆပြီး မြန်မာနဲ့ မတူတဲ့ ပျူစာ၊ ပျူအက္ခရာ လို့ ယာယီ အမည်ပေးပါသတဲ့။ (လေဘယ် တပ်ပါသတဲ့)။ အဲ့သလို ပျူ လို့ ခေါ်တာကိုလည်း အတည်မပြုပါဘူး တဲ့။ နောင် ပြင်နိုင်တဲ့ အခါ အမည်ပြန် ပြင်ကြပါတဲ့။ အောက်မှာ ကြည့်ပါ။

ဗလက်ဒင်ဟာ သုတေသန လုပ်ထုံးကို လက်တစ်လုံးခြားနဲ့ အကြီးအကျယ် ချိုးဖောက်တာပါ။ အမျိုးအမည် မသိရင် unknown လို့ပဲ ထားရမှာကို ပျူ လို့ အမည်ပေးလိုက်တာ သုတေသန စည်းကမ်းကို ချိုးဖောက်တဲ့အပြင် ရာဇဝင်ကို ရိုင်းစေတော့တာပါပဲ။ (ဟိုး အတေအတီ မြန်မာ့သမိုင်းစ ကတည်း က မြန်မာဟာ ပျူမဟုတ်ဆိုတဲ့ ဇတ်ရှုပ်မရှိခဲ့ပဲ ဗလက်ဒင့် ပယောဂကြောင့် ၁၉၁၂ နောက်ပိုင်း မှ မြန်မာဟာ ပျူမဟုတ်ဆိုတဲ့ ဇတ်ရှုပ်ကြီး စတင်ပေါ်ပေါက်လာ တာဖြစ်တယ်)
          ဗလက်ဒင် လေဘယ်ထိုးလို့ ပျူဖြစ်ရရှာတဲ့ ရာဇကုမာကျောက်စာက unknown အက္ခရာ၊ unknown စာ။ ဗလက်ဒင် အတည်မပြုခဲ့ နောင်အခါ ပြောင်းသင့်ရင် ပြောင်းခေါ်ရမယ့် unknown ကို ပျူလူမျိုးတို့ရဲ့၊ ပျူစာ၊ ပျူအက္ခရာ၊ မြန်မာမဟုတ်တဲ့ ပျူ တွေပါဟု အမည် တွင်အောင် ခေါ်ဝေါ်ခဲ့ကြသူတွေ ကတော့ ချားဒူရွိုင်ဆယ်လ်နဲ့ ဂျီအိပ်ခ်ျလုစ် တို့ပါ။
          Unknown အက္ခရာ၊ unknown စာ၊ unknown လူမျိုး၊ unknown ယဉ်ကျေးမှု၊ unknown မြို့တော် စသဖြင့် အန်နုန်း… အန်နုန်း… ခေါ်ရမယ့်နေရာမှာ (ဗလက်ဒင် လေဘယ်တပ်ခဲ့တဲ့၊ အတည်မပြုခဲ့တဲ့) ပျူ အက္ခရာ၊ ပျူစာ၊ ပျူ လူမျိုး၊ ပျူယဉ်ကျေးမှု၊ ပျူ မြို့တော် စသဖြင့် မြန်မာနဲ့ မတူ ပျူ… ပျူ… ပျူ… လို့ ချားဒူရွိုင်ဆယ်လ်နဲ့ ဂျီအိပ်ချိပ်လုစ် တို့က တစ်ပျူ တည်း ပျူ ခဲ့ကြပါတယ်။ ချားဒူရွိုယ်ဆယ်လ်က ကျောက်စာဝန် ဆိုတဲ့ သူ့အရှိန်အဝါနဲ့ မြန်မာဟာ ပျူနဲ့ မတူဘူး လုပ်ခဲ့ပါတယ်။ လုစ် ကလည်း သမိုင်းပါမောက္ခ ဖြစ်လာတော့ သူ့တပည့်တွေကို ပျူ ဟာ သပ်သပ်၊ မြန်မာမဟုတ် လုပ်လာ ပါတော့တယ်။ 
          သရေခေတ္တရာနဲ့ ပုဂံ unknown ကျောက်စာတွေကို ပျူစာလို့ ဗလက်ဒင် အတည်မပြု ခဲ့ကြောင်းကို သူတို့ နှစ်ဦးက လုံးဝ မဖော်ပြကြ ပါဘူး။ ဖုံးကွယ် ထားကြပါတယ်။ ပြီးတော့ ဗလက်ဒင် ပြောလို့ အဲဒီကျောက်စာတွေဟာဟာ ပျူ စာ ဆိုပြီး ရေးသားပြောဆို ကြပါတယ်။ မြန်မာ့ သမိုင်းကို နှပ်ချ ခဲ့ကြတာပါ။ (လုစ်က နောင် ကျောက်ဆည်စာတမ်းကို ရေးပြီး မြန်မာ့သမိုင်းကို အကြီးအကျယ် လိမ်ပါတော့တယ်)
သုတေသန လုပ်ထုံးအရ ပျူဟာ မြန်မာ မဟုတ်လို့ ပြောစရာ အထောက်အထား မရှိသလို၊ ဗလက်ဒင် အတည်မပြုခဲ့တဲ့၊ ယာယီလေဘယ် ထိုးခဲ့တဲ့ ပျူ ဆိုတာကို အတည်တကျ လုစ် တို့ ချားဒူရွိုင်ဆယ်လ် တို့ဟာ သမိုင်းပညာအရ သုံးခွင့် မရှိပါဘူး။ ဒါပေမယ့် ကျောက်စာဝန်၊ သမိုင်းပါမောက္ခ ဆိုတဲ့ အရှိန်အဝါတွေ၊ ရာထူး ပါဝါ လုပ်ပိုင်ခွင့် တွေနဲ့ မြစေတီပျူစာ၊ သရေခေတ္တရာပျူမြို့၊ မြန်မာမဟုတ်ဆို တစ်ဖက်သတ် လုပ်ခဲ့ကြတာပါ။
သရေခေတ္တရာ သမိုင်း မစ်သ်(Myth)ကြီး အရ တကောင်း သတိုးမင်းကြီးရဲ့သား မဟာသမ္ဘာဝ၊ မဟာသမ္ဘာဝ ရဲ့သား ပထမဆုံး (the first) ဒွတ္တဘောင်မင်းကြီးက သရေခေတ္တရာကို စတည်ခဲ့တာ။ သရေခေတ္တရာ မင်းဆက်ပေါင်း ၂၅ဆက်ရှိပြီး နောက်ဆုံးမင်းဆက် သုပညာ လက်ထက်မှာ သရေခေတ္တရာပျက်ပြီး သုပညာမင်းကြီးရဲ့တူ သမုဒ္ဒရာဇ်မင်းက ယုန်လွှတ်ကျွန်း၊ ပြူဂါမ (ပျူဈေးမြို့) အရပ်မှာ ပထမဆုံး ပုဂံနိုင်ငံတော် အရိမဒ္ဒနပူရ ကိုတည်ခဲ့တာ တွေကိုကျ စကားထဲတောင် ထည့်ပြော ချင်စရာမရှိတဲ့ အလကား ဒဏ္ဍာရီတွေ တဲ့။ လုစ်တို့က။ အဲ့ဒါတွေဟာ ဒဏ္ဍာရီ မဟုတ်ကြောင်း (၁၉၉၂-၉၃ ဘတ်ဂျက်နှစ်) မှာ တူးဖော်ရရှိခဲ့တဲ့ အတိတျာမင်း (သရေခေတ္တရာ နောက်ဆုံး မင်းဆက် သုပညာရဲ့ အစ်ကို၊ သရေခေတ္တရာ ၂၄ ဆက်မြောက်မင်း) ရဲ့ ကျောက်အရိုးအိုးကြီးမှ ကျောက်စာများက သက်သေ ခံနေပါတယ်။ ၎င်း အတိတျာမင်း ကျောက်အရိုးအိုးကြီးကို လေ့လာ ကြည့်ရှုလိုသူများ ရန်ကုန် အမျိုးသား ပြတိုက်မှာ သွားကြည့် နိုင်ပါတယ်။
နိဂုံးချုပ် ပြောရင်
၁။ unknown လို့ ထားရမှာကို ပျူ လို့ လေဘယ် ထိုးတယ်။
၂။ အဲ့ဒီလေဘယ် ထိုးလိုက်တဲ့ ပျူ ကို မြန်မာမဟုတ် လို့ အထောက်အထားမဲ့ ပြောတယ်။

        ဆရာကြီး ဒေါက်တာသန်းထွန်းက ပြောဖူးတယ်။ မင်းမှားရင် မင်းတရားခံ။ ငါမှားရင် ငါတရားခံတဲ့။ ဒီတော့ စီအိုဗလက်ဒင်၊ ဂျီအိပ်ခ်ျ လုစ် ၊ ချားဒူရွိုင်ဆယ်လ် တို့ဟာ ပျူဟာ မြန်မာနဲ့မတူပါလို့ မှားယွင်းစေ ခဲ့တဲ့ မြန်မာ့သမိုင်းရဲ့ တရားခံများ ဖြစ်ကြတယ်။

ကျမ်းကိုး။        ။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတွင် (၇)လတိုင်တိုင် ဖော်ပြခဲ့သော “ဆရာဘုန်းတင့်ကျော်  
                   ၏ မြန်မာနှင့်ပျူ လူမျိုး မတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင်ခံရခြင်းလော” ဆောင်းပါး။
                    ဘုန်းတင့်ကျော်= နှစ်ပေါင်း နှစ်ထောင်ကျော်ခဲ့ပြီ ဖြစ်သော မြန်မာသမိုင်း (၁၊၂)
                                                                                               
                                                                                                            (ကိုသာဝ)