Wednesday, February 26, 2014

သထုံဟာ ပျူတွေ တည်တဲ့မြို့



သထုံဟာ ပျူတွေ တည်တဲ့မြို့
သထုံခေါ် သုဓမ္မဝတီမြို့တည်မင်းမှာ ပျူမင်း ဒွတ္တဘောင် ဖြစ်ကြောင်း၊ သုဝဏ္ဏဘူမိသည် လက်ဦးအစ ပျူတို့ဌာနဖြစ်ကြောင်း သထုံရာဇဝင်ပေါင်းချုပ်ကျမ်းကြီးမှ တဆင့်သိရှိရခြင်း

          သထုံရာဇဝင် ပေါင်းချုပ်ကျမ်းကြီးဟာ ပညာရှိဦးပညာရဲ့ မူပိုင်ဖြစ်တယ်။ ဦးပညာဟာ ရှေး ပေမူတွေနဲ့ ရှိခဲ့တဲ့
၁။ သထုံသမိုင်း ( ခရစ်နှစ် ၁၈၈၅ တွင် ကော့ကွန်းဂူမှ ရရှိသော မွန်ဘာသာပေမူကို မြန်မာဘာသာပြန် ပေမူ)
၂။ သထုံရာဇဝင်တော်ကျမ်း
၃။ ရွှေစာရံသမိုင်းဟောင်းကျမ်း
၎။ ဂဝံပတိဝံ ( မွန်ဘာသာကျမ်း ပေမူ)
၅။ မွန်ရာဇဝင်ကျမ်း ( မွန်ဘာသာမှ ခရစ်နှစ် ၁၇၈၈ ခန့်တွင် မြန်မာဘာသာပြန် ပေမူ)
၆။ ကလျာဏီသိမ်ကျောက်စာ
တို့အပြင် ပုံနှိပ်မူတွေ ဖြစ်တဲ့
၇။ သထုံရာဇဝင် မူမှန်ကျမ်း (ခရစ်နှစ် ၁၈၉၆ ခန့်က ဟံသာဝတီပုံနှိပ်တိုက်မှ ပုံနှိပ်မူ)
၈။ သထုံရာဇဝင်နှင့် ဘုရားသမိုင်း ပေါင်းချုပ်ကျမ်း (စစ်ကဲကြီး ဦးနော်၏ ပုံနှိပ်မူ)
၉။ သုဓမ္မဝတီ နိဒါနကထာကျမ်း (ယိုးဒယားတွင် ပုံနှိပ်သော ပုံနှိပ်မူ)
စတဲ့ ကျမ်းတွေကို ကျမ်းကိုးပြု ညှိုနှိုင်းထုတ်နှုတ် စုစည်း ရေးသားတယ်လို့ ဖော်ပြထားတယ်။
ဦးသိန်းမောင်က အယ်ဒီတာလုပ် တည်းဖြတ်ပြီး သထုံမြို့၊ သုဝဏ္ဏဝတီ ပိဋကတ်စာပုံနှိက်တိုက်က ၃၀-၁၂-၁၉၂၆ မှာ ပုံနှိပ်ထုတ်ဝေတယ်။ ယခု ၂၀၁၄ ခုနှစ်နဲ့တွက်ရင် စာအုပ်သက်တမ်း ၈၈နှစ်ပြီဖြစ်တဲ့ ရှားပါး စာအုပ်ဖြစ်တယ်။ (ကျွန်တော့်ထံမှာတောင် မိတ္တူသာ ရှိပြီး ကျွန်တော့်ကို မိတ္တူစာအုပ်ပေးတဲ့ ကျွန်တော့်ဆရာဟာ ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းမှာ နှစ်နှစ်၊ သုံးနှစ် မှာထားပြီးမှ ရတဲ့ စာအုပ်ပါ။)
အဲ့ဒီ့ သထုံရာဇဝင်ပေါင်းချုပ် ကျမ်းကြီးအရ  မဟာသက္ကရာဇ် ၁၁ဝ မှာ ရသေ့ကြီးနှစ်ပါးရဲ့ ကိတ္တိမသား “တိဿဓမ္မသီဟရာဇာ ဒွတ္တဘောင်” ဟာ သုဝဏ္ဏဘူမိပြည်၊ သုဓမ္မဝတီမြို့မှာ ဘိသိက်သွန်းခံ ပါတယ်။ (ဗုဒ္ဓရဲ့ ဘိုးတော်အဉ္ဇန မင်းကြီး ဖြိုသော သက္ကရာဇ် ဖြစ်တယ်။ ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်မှာ ဘုရားအဖြစ် ရောက်တော်မူတာဖြစ်လို့ သိဒ္ဓတ္တမင်းသား ဘုရားဖြစ်ပြီး (၇)နှစ်အကြာ လို့မှတ်ကြပါ။)
တိဿဓမ္မသီဟရာဇာ ဆိုတာ မင်း အဖြစ်ရောက်မှ ရတဲ့ ဘွဲ့အမည် ဖြစ်တယ်။ (ငယ်အမည် အကြောင်းကို သူ့မူရင်း အရေးအသားတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။)
ထိုမင်း၏ ငယ်မည်မူကား ။    ။ ထိုသူဥမှ ပေါက်ဖွားတော်မူသော အခါ (မဟာ) သက္ကရာဇ် ၈၉ ခုနှစ် တပေါင်းလပြည့် စနေနေ့၊ ဝိသာခါ နက္ခတ် ၂၅လုံး နေထွက်လဝင်ချိန်။ နေ-လ နှစ်ပါးမှ အရောင်ရှိစဉ် မွေးဖွား၍ “ဒွိတ္တဘာ” ဟူ၍လည်းကောင်း။ ထိုမှ ရွေ့လျော၍ “ဒွိတပေါင်” ဟူ၍ လည်းကောင်း။ တိဿရသေ့ကမူ ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ထိုသူငယ်၏မိဘတို့ကို သိ၍ အဘနှင့်အမိ ကိုစွဲလျက်၊ (ဝိဇ္ဇာနာဂ ကုမာရ) ဟူ၍လည်းကောင်း ဘွဲ့အမည် ပေးတော်မူ၏။
          ထို့ကြောင့် ရာဇဝင်နှင့် သမိုင်းစာဟောင်း အမျိုးမျိုးတို့တွင်
၁။ သူရိယစန္ဒာမင်းကြီး
၂။ ဒွိတ္တဘောင်မင်း
၃။ ဝိဇ္ဇာနာဂမင်း
၎။ တိဿဓမ္မသီဟရာဇာမင်း
၅။ သီဟရာဇာမင်း (အတိုကောက် အမည်)
ဟူ၍ အမျိုးမျိုးရှိကြသည်။ နာမည် ပြားသော်လည်း မင်း၏ဒြပ်မပြား၊ တစ်ပါးတည်းသာ တည်း။ (စာမျက်နှာ ၅၃၊ ၅၄) (အမည် အမျိုးမျိုးရှိပေမယ့် ဒီမင်းတစ်ပါးတည်းသာ ဖြစ်တယ်။ ၎င်းမင်းမှာ အမည် ငါးပါး ရှိတယ်လို့ ပြောတာပါ)



အထက်ပါ သုဓမ္မဝတီ သထုံမြို့တည်မင်းကြီးရဲ့ အမည်နာမတော်များကို လေ့လာလိုက်တဲ့အခါမှာ ပါဠိအမည်က လေးမျိုး၊ ငယ်မည်အဖြစ် ပျူမြန်မာ အမည်က တစ်မျိုး ပေါင်း ၅မျိုးကို တွေ့ရတယ်။ မွန် အမည် လုံးဝ မတွေ့ရှိရပါဘူး။
ဒွိတ္တဘောင် ခေါ် ဒတဗံး ဆိုတာ ပျုမြန်မာ အမည်ဖြစ်ကြောင်း ပညာရှင်အများ သိရှိ လက်ခံပြီး ဖြစ်ပါတယ်။ ဒီတော့ သုဓမ္မဝတီ (သထုံ) မြို့တည်မင်းဟာ ပျူမြန်မာ မင်းကြီးသာဖြစ်ပါတယ်။ ပေါက္ခရဝတီ၊ ဥက္ကလာပ၊ ဟံသာနာဂရ ဟံသာဝတီ (ဟန်လင်း) ၊ သင်္ကဿ သင်းတွဲ (တကောင်း)၊ သိရိခေတ္တရာ (ပြည်)၊ အရိမဒ္ဒန၊ သိရိပစ္စယာ၊ တမ္ပဝတီ (ပျူဂါမ-ပုဂံ) စသဖြင့် ရှေး ပျူမြန်မာများက ၎င်းတို့ရဲ့ မြို့တော်များကို ပါဠိအမည်များ မှည့်ခေါ် ခဲ့ကြပါတယ်။ သုဓမ္မဝတီ (သထုံ) ဆိုတဲ့ အမည်က ရှေးပျူမြန်မာတွေ သူတို့မြို့တော်ကို အမည်ပေးပုံနဲ့ ထပ်တူကျတဲ့ ပါဠိအမည် စစ်စစ်ကြီးဖြစ်နေပါတယ်။ (မွန် အမည်လုံးဝမဟုတ်ပါ)
အေဒီ၁၃ရာစုနှောင်း ဝါရီရူမင်းဆက် ကစလို့ ပဏ္ဍာဆက်မင်းငယ်တွေ အဖြစ်ရှိခဲ့ကြတဲ့ မွန်မင်းတွေရဲ့ အမည်တွေ (ငယ်မည်) တွေဟာ မဂဒူး၊ ဗညား၊ သမိန်၊ ရွတ်ပိ၊ ဗြတ် စတဲ့ မွန်အမည် တွေသာ ဖြစ်ကြပါတယ်။ နာမည်ကျော် ရာဇာဓိရာဇ်မင်းရဲ့ ငယ်မည်ဟာ ဗညားနွဲ့ ဖြစ်ပြီး၊ သူ့အဖေက ဗညားဦး ပါ။
သုဓမ္မဝတီ (သထုံ) မြို့ကို မွန်တွေသာ စတည်ခဲ့ရင် ၎င်းမင်းရဲ့ ငယ်မည်ဟာ မဂ၊ ဗညား၊ သမိန်၊ ရွတ်ပိ၊ ဗြတ်၊ လုံ၊ ထော် စသဖြင့် မွန် အမည် တစ်မျိုးမျိုး ဖြစ်နေရမှာပေါ့။ ယခုတော့ သုဝဏ္ဏဘူမိဟာ ပျူမြန်မာတွေရဲ့ အရပ်ဒေသ ဖြစ်ပြီး သုဓမ္မဝတီ (သထုံ) ကို ပျူမြန်မာမင်းကြီး တည်ထောင်ခဲ့လို့သာ ၎င်းမင်းရဲ့ အမည်ဟာ ဒွတ္တဘောင် ဖြစ်နေရတာပေါ့။
မျက်မှောက်ခေတ် ၂၀ရာစု၊ ၂၁ရာစု မှာ ကျိုက္ကသာ၊ သထုံ၊ ဘီးလင်း၊ မော်လမြိုင် စတဲ့ ဒေသတွေက မြေပေါ်မြေအောက် တူးဖော်ပြီး တွေ့ရတာ၊ မတူးဖော်ပဲ မိုးရေတိုက်စားလို့ပဲ ဖြစ်ဖြစ်ထွက်ပေါ်လာတဲ့ ရှေးဟောင်း ပစ္စည်းတွေကို စစ်ဆေးကြည့်တော့ ရှေးကျတဲ့ ဗုဒ္ဓရုပ်ပွားတော်၊ ဒင်္ဂါး၊ အရိုးအိုး၊ ပုတီးစေ့၊ အုတ်ခဲစာ စတဲ့ ပစ္စည်းတွေဟာ ပျူမြန်မာလက်ရာ၊ ပျူမြန်မာ ပစ္စည်းတွေ ဖြစ်နေပါတယ်။ မွန်လက်ရာ ပစ္စည်းတွေကို တွေ့ရပေမယ့် ပျူမြန်မာပစ္စည်းတွေလောက် ရှေးမကျပဲ အေဒီ ၁၅ရာစု၊ ၁၆ရာစု ခေတ်ပစ္စည်းများသာ ဖြစ်နေပါတယ်။
ရှင်းအောင် ထပ်ပြောရရင် ပျူမြန်မာ ပစ္စည်းတွေရာ၊ မွန် ပစ္စည်းတွေရော ၂မျိုးလုံး တွေ့ပါတယ်။ ဒါပေမယ့် ပျူမြန်မာ လက်ရာ ပစ္စည်းတွေက ပို ရှေး ကျ နေပါတယ်။
မော်လမြိုင် မုပွန်ရပ်မှာနေတဲ့ (မွန်+ကရင် လူမျိုး) ကျုပ်သူငယ်ချင်းဆို သူငယ်ငယ်တုန်းက မိုးရွာပြီးတာနဲ့ ရေစီးကြောင်းတွေကို တုတ်လေးတွေ နဲ့သာ ခြစ်လိုက်။ ပျူပုတီးစေ့တွေ ထွက်လာ တာပဲတဲ့။ အဲ့လို ပျူပုတီးစေ့လေးတွေကို ဖန်ပုလင်းထဲ ထည့်စုထားပြီး လာဝယ်တဲ့သူလာရင် ရောင်းလိုက်တာပဲတဲ့။ (ဒင်းတော့ ရှေးဟောင်း သုတေသန ဥပဒေနဲ့ ညိနေလို့ ဘယ်သူဆိုတာ မပြောတော့ပါဘူး)
နောက်တစ်ခုက မော်လမြိုင် မုပွန် ရပ်ကွက်ကြီးဟာ ပျူသင်္ချိုင်းဟောင်းကြီး ပေါ်မှာ တည်မိလျက်သား ဖြစ်နေပါတယ်။ အဲ့ဒီ ရပ်ကွက် သားတွေဟာ ကိုယ့်ခြံထဲမှာပဲကို ပျူသင်္ချိုင်းတူးပြီး ရောင်းစားတာ တစ်ခြံလုံး ဂလိုင်ဖြစ်ပြီး အိမ်တောင် ယိုင်လဲတဲ့ အထိ ဖြစ်ခဲ့ဘူးပါတယ်။
မုတ္တမဆိုရင်လည်း မွတ်ဆလင် ရပ်ကွက် ၂ခုဟာ ပျူသင်္ချိုင်းဟောင်း ပေါ်မှာ တည်ရှိနေပြီး၊ ၎င်းတို့ဟာ ကိုယ့်ခြံထဲမှာ မြေအောက် ပေ၂၀ အထိတူးဖော်ပြီး မြန်မာ့ အမွေအနှစ်၊ သမိုင်းအထောက်အထား ရှေးဟောင်း ပစ္စည်းတွေကို ကောင်းကောင်း ရောင်းစားခဲ့ကြောင်း ရင်နာဖွယ်ရာ သိခဲ့ရပါတယ်။
(ရှေးဟောင်းဥပဒေအရ အရေးယူလို့ရပေမယ့် အကြောင်းကြောင်းကြောင့် အရေးမယူနိုင်ခဲ့ကြကြောင်း နီးစပ်တဲ့ မော်လမြိုင်၊ မုတ္တမ မြို့ခံများ သိကြပါတယ်)
ပြန်ချုပ်ရရင်
၁။ ရှေးဟောင်း သထုံရာဇဝင် ပေါင်းချုပ် ကျမ်းကြီး အရ သုဓမ္မဝတီ (သထုံ) မြို့ကို ပျူမြန်မာ မင်းကြီး တိဿဓမ္မသီဟရာဇာ ဒွိတ္တဘောင် မင်းကြီးက တည်ခဲ့ပြီး သုဝဏ္ဏဘူမိဟာ ရှေးဟောင်း ပျူမြန်မာတို့ ဒေသဖြစ်ခြင်း။ (သုဝဏ္ဏဘူမိဟာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသဖြစ်ကြောင်း မော်လမြိုင်တက္ကသိုလ်၊ သမိုင်းဌာန၊ တွဲဘက်ပါမောက္ခ ဆရာဦးနိုင်ဝင်းရဲ့ သုဝဏ္ဏဘူမိ နေရာအမှန် ဖော်ထုတ်ခြင်း စာတမ်း (၂၀၁၂၊ နိုဝင်ဘာ) နဲ့ ထုတ်ဖော်ပြီး ဖြစ်ပါတယ်။)
၂။ ၎င်း သထုံရာဇဝင်ပေါင်းချုပ်ကျမ်းကြီးပါ (တိဿဓမ္မသီဟရာဇာ ဒွိတ္တဘောင် မင်းကြီး) ဆိုသည့်အချက် မှန်ကန်ကြောင်း ကျိုက္ကသာ၊ သထုံ၊ ဘီးလင်း၊ မော်လမြိုင် စသော ဒေသများမှ ပျူလက်ရာ ရှေးဟောင်းပစ္စည်းများက ခေတ်ပြိုင်အထောက် အထား ဖြစ်နေခြင်း တို့ပဲ ဖြစ်ပါတော့တယ် ခင်ဗျာ။
ဒီနေရာမှာ မေးသင့်တဲ့ မေးခွန်းတစ်ခုရှိတယ်။ သထုံ ရာဇဝင်၊ သထုံသမိုင်း စသဖြင့် ဆောင်းပါး၊ စာအုပ်တွေ ရေးသားနေကြတဲ့ ခုခေတ်စာရေးသူ တစ်ချို့ကို မေးချင်တာ။ သူတို့ဟာ  သထုံရာဇဝင်ပေါင်းချုပ် ကျမ်းကြီး မှာ အထင်အရှား ဖော်ပြထားတဲ့ ပထမဦးသထုံမင်းကြီး အမည်ဟာ တိဿဓမ္မသီဟရာဇာ အပြင်၊ ဒွတ္တဘောင်မင်း လို့ပါ ခေါ်တွင်ကြောင်းကို (ဘာကြောင့်) ဘာကြောင့် မဖော်ပြပဲ၊ ချန် ရေးကြတာလည်း ဆိုတဲ့ မေးခွန်းပဲ ပါပဲ။ 
(ကိုသာဝ)

ကျမ်းကိုး။       ။ သထုံရာဇဝင် ပေါင်းချုပ်ကျမ်းကြီး