Wednesday, February 26, 2014

သထုံဟာ ပျူတွေ တည်တဲ့မြို့



သထုံဟာ ပျူတွေ တည်တဲ့မြို့
သထုံခေါ် သုဓမ္မဝတီမြို့တည်မင်းမှာ ပျူမင်း ဒွတ္တဘောင် ဖြစ်ကြောင်း၊ သုဝဏ္ဏဘူမိသည် လက်ဦးအစ ပျူတို့ဌာနဖြစ်ကြောင်း သထုံရာဇဝင်ပေါင်းချုပ်ကျမ်းကြီးမှ တဆင့်သိရှိရခြင်း

          သထုံရာဇဝင် ပေါင်းချုပ်ကျမ်းကြီးဟာ ပညာရှိဦးပညာရဲ့ မူပိုင်ဖြစ်တယ်။ ဦးပညာဟာ ရှေး ပေမူတွေနဲ့ ရှိခဲ့တဲ့
၁။ သထုံသမိုင်း ( ခရစ်နှစ် ၁၈၈၅ တွင် ကော့ကွန်းဂူမှ ရရှိသော မွန်ဘာသာပေမူကို မြန်မာဘာသာပြန် ပေမူ)
၂။ သထုံရာဇဝင်တော်ကျမ်း
၃။ ရွှေစာရံသမိုင်းဟောင်းကျမ်း
၎။ ဂဝံပတိဝံ ( မွန်ဘာသာကျမ်း ပေမူ)
၅။ မွန်ရာဇဝင်ကျမ်း ( မွန်ဘာသာမှ ခရစ်နှစ် ၁၇၈၈ ခန့်တွင် မြန်မာဘာသာပြန် ပေမူ)
၆။ ကလျာဏီသိမ်ကျောက်စာ
တို့အပြင် ပုံနှိပ်မူတွေ ဖြစ်တဲ့
၇။ သထုံရာဇဝင် မူမှန်ကျမ်း (ခရစ်နှစ် ၁၈၉၆ ခန့်က ဟံသာဝတီပုံနှိပ်တိုက်မှ ပုံနှိပ်မူ)
၈။ သထုံရာဇဝင်နှင့် ဘုရားသမိုင်း ပေါင်းချုပ်ကျမ်း (စစ်ကဲကြီး ဦးနော်၏ ပုံနှိပ်မူ)
၉။ သုဓမ္မဝတီ နိဒါနကထာကျမ်း (ယိုးဒယားတွင် ပုံနှိပ်သော ပုံနှိပ်မူ)
စတဲ့ ကျမ်းတွေကို ကျမ်းကိုးပြု ညှိုနှိုင်းထုတ်နှုတ် စုစည်း ရေးသားတယ်လို့ ဖော်ပြထားတယ်။
ဦးသိန်းမောင်က အယ်ဒီတာလုပ် တည်းဖြတ်ပြီး သထုံမြို့၊ သုဝဏ္ဏဝတီ ပိဋကတ်စာပုံနှိက်တိုက်က ၃၀-၁၂-၁၉၂၆ မှာ ပုံနှိပ်ထုတ်ဝေတယ်။ ယခု ၂၀၁၄ ခုနှစ်နဲ့တွက်ရင် စာအုပ်သက်တမ်း ၈၈နှစ်ပြီဖြစ်တဲ့ ရှားပါး စာအုပ်ဖြစ်တယ်။ (ကျွန်တော့်ထံမှာတောင် မိတ္တူသာ ရှိပြီး ကျွန်တော့်ကို မိတ္တူစာအုပ်ပေးတဲ့ ကျွန်တော့်ဆရာဟာ ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းမှာ နှစ်နှစ်၊ သုံးနှစ် မှာထားပြီးမှ ရတဲ့ စာအုပ်ပါ။)
အဲ့ဒီ့ သထုံရာဇဝင်ပေါင်းချုပ် ကျမ်းကြီးအရ  မဟာသက္ကရာဇ် ၁၁ဝ မှာ ရသေ့ကြီးနှစ်ပါးရဲ့ ကိတ္တိမသား “တိဿဓမ္မသီဟရာဇာ ဒွတ္တဘောင်” ဟာ သုဝဏ္ဏဘူမိပြည်၊ သုဓမ္မဝတီမြို့မှာ ဘိသိက်သွန်းခံ ပါတယ်။ (ဗုဒ္ဓရဲ့ ဘိုးတော်အဉ္ဇန မင်းကြီး ဖြိုသော သက္ကရာဇ် ဖြစ်တယ်။ ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်မှာ ဘုရားအဖြစ် ရောက်တော်မူတာဖြစ်လို့ သိဒ္ဓတ္တမင်းသား ဘုရားဖြစ်ပြီး (၇)နှစ်အကြာ လို့မှတ်ကြပါ။)
တိဿဓမ္မသီဟရာဇာ ဆိုတာ မင်း အဖြစ်ရောက်မှ ရတဲ့ ဘွဲ့အမည် ဖြစ်တယ်။ (ငယ်အမည် အကြောင်းကို သူ့မူရင်း အရေးအသားတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။)
ထိုမင်း၏ ငယ်မည်မူကား ။    ။ ထိုသူဥမှ ပေါက်ဖွားတော်မူသော အခါ (မဟာ) သက္ကရာဇ် ၈၉ ခုနှစ် တပေါင်းလပြည့် စနေနေ့၊ ဝိသာခါ နက္ခတ် ၂၅လုံး နေထွက်လဝင်ချိန်။ နေ-လ နှစ်ပါးမှ အရောင်ရှိစဉ် မွေးဖွား၍ “ဒွိတ္တဘာ” ဟူ၍လည်းကောင်း။ ထိုမှ ရွေ့လျော၍ “ဒွိတပေါင်” ဟူ၍ လည်းကောင်း။ တိဿရသေ့ကမူ ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ထိုသူငယ်၏မိဘတို့ကို သိ၍ အဘနှင့်အမိ ကိုစွဲလျက်၊ (ဝိဇ္ဇာနာဂ ကုမာရ) ဟူ၍လည်းကောင်း ဘွဲ့အမည် ပေးတော်မူ၏။
          ထို့ကြောင့် ရာဇဝင်နှင့် သမိုင်းစာဟောင်း အမျိုးမျိုးတို့တွင်
၁။ သူရိယစန္ဒာမင်းကြီး
၂။ ဒွိတ္တဘောင်မင်း
၃။ ဝိဇ္ဇာနာဂမင်း
၎။ တိဿဓမ္မသီဟရာဇာမင်း
၅။ သီဟရာဇာမင်း (အတိုကောက် အမည်)
ဟူ၍ အမျိုးမျိုးရှိကြသည်။ နာမည် ပြားသော်လည်း မင်း၏ဒြပ်မပြား၊ တစ်ပါးတည်းသာ တည်း။ (စာမျက်နှာ ၅၃၊ ၅၄) (အမည် အမျိုးမျိုးရှိပေမယ့် ဒီမင်းတစ်ပါးတည်းသာ ဖြစ်တယ်။ ၎င်းမင်းမှာ အမည် ငါးပါး ရှိတယ်လို့ ပြောတာပါ)



အထက်ပါ သုဓမ္မဝတီ သထုံမြို့တည်မင်းကြီးရဲ့ အမည်နာမတော်များကို လေ့လာလိုက်တဲ့အခါမှာ ပါဠိအမည်က လေးမျိုး၊ ငယ်မည်အဖြစ် ပျူမြန်မာ အမည်က တစ်မျိုး ပေါင်း ၅မျိုးကို တွေ့ရတယ်။ မွန် အမည် လုံးဝ မတွေ့ရှိရပါဘူး။
ဒွိတ္တဘောင် ခေါ် ဒတဗံး ဆိုတာ ပျုမြန်မာ အမည်ဖြစ်ကြောင်း ပညာရှင်အများ သိရှိ လက်ခံပြီး ဖြစ်ပါတယ်။ ဒီတော့ သုဓမ္မဝတီ (သထုံ) မြို့တည်မင်းဟာ ပျူမြန်မာ မင်းကြီးသာဖြစ်ပါတယ်။ ပေါက္ခရဝတီ၊ ဥက္ကလာပ၊ ဟံသာနာဂရ ဟံသာဝတီ (ဟန်လင်း) ၊ သင်္ကဿ သင်းတွဲ (တကောင်း)၊ သိရိခေတ္တရာ (ပြည်)၊ အရိမဒ္ဒန၊ သိရိပစ္စယာ၊ တမ္ပဝတီ (ပျူဂါမ-ပုဂံ) စသဖြင့် ရှေး ပျူမြန်မာများက ၎င်းတို့ရဲ့ မြို့တော်များကို ပါဠိအမည်များ မှည့်ခေါ် ခဲ့ကြပါတယ်။ သုဓမ္မဝတီ (သထုံ) ဆိုတဲ့ အမည်က ရှေးပျူမြန်မာတွေ သူတို့မြို့တော်ကို အမည်ပေးပုံနဲ့ ထပ်တူကျတဲ့ ပါဠိအမည် စစ်စစ်ကြီးဖြစ်နေပါတယ်။ (မွန် အမည်လုံးဝမဟုတ်ပါ)
အေဒီ၁၃ရာစုနှောင်း ဝါရီရူမင်းဆက် ကစလို့ ပဏ္ဍာဆက်မင်းငယ်တွေ အဖြစ်ရှိခဲ့ကြတဲ့ မွန်မင်းတွေရဲ့ အမည်တွေ (ငယ်မည်) တွေဟာ မဂဒူး၊ ဗညား၊ သမိန်၊ ရွတ်ပိ၊ ဗြတ် စတဲ့ မွန်အမည် တွေသာ ဖြစ်ကြပါတယ်။ နာမည်ကျော် ရာဇာဓိရာဇ်မင်းရဲ့ ငယ်မည်ဟာ ဗညားနွဲ့ ဖြစ်ပြီး၊ သူ့အဖေက ဗညားဦး ပါ။
သုဓမ္မဝတီ (သထုံ) မြို့ကို မွန်တွေသာ စတည်ခဲ့ရင် ၎င်းမင်းရဲ့ ငယ်မည်ဟာ မဂ၊ ဗညား၊ သမိန်၊ ရွတ်ပိ၊ ဗြတ်၊ လုံ၊ ထော် စသဖြင့် မွန် အမည် တစ်မျိုးမျိုး ဖြစ်နေရမှာပေါ့။ ယခုတော့ သုဝဏ္ဏဘူမိဟာ ပျူမြန်မာတွေရဲ့ အရပ်ဒေသ ဖြစ်ပြီး သုဓမ္မဝတီ (သထုံ) ကို ပျူမြန်မာမင်းကြီး တည်ထောင်ခဲ့လို့သာ ၎င်းမင်းရဲ့ အမည်ဟာ ဒွတ္တဘောင် ဖြစ်နေရတာပေါ့။
မျက်မှောက်ခေတ် ၂၀ရာစု၊ ၂၁ရာစု မှာ ကျိုက္ကသာ၊ သထုံ၊ ဘီးလင်း၊ မော်လမြိုင် စတဲ့ ဒေသတွေက မြေပေါ်မြေအောက် တူးဖော်ပြီး တွေ့ရတာ၊ မတူးဖော်ပဲ မိုးရေတိုက်စားလို့ပဲ ဖြစ်ဖြစ်ထွက်ပေါ်လာတဲ့ ရှေးဟောင်း ပစ္စည်းတွေကို စစ်ဆေးကြည့်တော့ ရှေးကျတဲ့ ဗုဒ္ဓရုပ်ပွားတော်၊ ဒင်္ဂါး၊ အရိုးအိုး၊ ပုတီးစေ့၊ အုတ်ခဲစာ စတဲ့ ပစ္စည်းတွေဟာ ပျူမြန်မာလက်ရာ၊ ပျူမြန်မာ ပစ္စည်းတွေ ဖြစ်နေပါတယ်။ မွန်လက်ရာ ပစ္စည်းတွေကို တွေ့ရပေမယ့် ပျူမြန်မာပစ္စည်းတွေလောက် ရှေးမကျပဲ အေဒီ ၁၅ရာစု၊ ၁၆ရာစု ခေတ်ပစ္စည်းများသာ ဖြစ်နေပါတယ်။
ရှင်းအောင် ထပ်ပြောရရင် ပျူမြန်မာ ပစ္စည်းတွေရာ၊ မွန် ပစ္စည်းတွေရော ၂မျိုးလုံး တွေ့ပါတယ်။ ဒါပေမယ့် ပျူမြန်မာ လက်ရာ ပစ္စည်းတွေက ပို ရှေး ကျ နေပါတယ်။
မော်လမြိုင် မုပွန်ရပ်မှာနေတဲ့ (မွန်+ကရင် လူမျိုး) ကျုပ်သူငယ်ချင်းဆို သူငယ်ငယ်တုန်းက မိုးရွာပြီးတာနဲ့ ရေစီးကြောင်းတွေကို တုတ်လေးတွေ နဲ့သာ ခြစ်လိုက်။ ပျူပုတီးစေ့တွေ ထွက်လာ တာပဲတဲ့။ အဲ့လို ပျူပုတီးစေ့လေးတွေကို ဖန်ပုလင်းထဲ ထည့်စုထားပြီး လာဝယ်တဲ့သူလာရင် ရောင်းလိုက်တာပဲတဲ့။ (ဒင်းတော့ ရှေးဟောင်း သုတေသန ဥပဒေနဲ့ ညိနေလို့ ဘယ်သူဆိုတာ မပြောတော့ပါဘူး)
နောက်တစ်ခုက မော်လမြိုင် မုပွန် ရပ်ကွက်ကြီးဟာ ပျူသင်္ချိုင်းဟောင်းကြီး ပေါ်မှာ တည်မိလျက်သား ဖြစ်နေပါတယ်။ အဲ့ဒီ ရပ်ကွက် သားတွေဟာ ကိုယ့်ခြံထဲမှာပဲကို ပျူသင်္ချိုင်းတူးပြီး ရောင်းစားတာ တစ်ခြံလုံး ဂလိုင်ဖြစ်ပြီး အိမ်တောင် ယိုင်လဲတဲ့ အထိ ဖြစ်ခဲ့ဘူးပါတယ်။
မုတ္တမဆိုရင်လည်း မွတ်ဆလင် ရပ်ကွက် ၂ခုဟာ ပျူသင်္ချိုင်းဟောင်း ပေါ်မှာ တည်ရှိနေပြီး၊ ၎င်းတို့ဟာ ကိုယ့်ခြံထဲမှာ မြေအောက် ပေ၂၀ အထိတူးဖော်ပြီး မြန်မာ့ အမွေအနှစ်၊ သမိုင်းအထောက်အထား ရှေးဟောင်း ပစ္စည်းတွေကို ကောင်းကောင်း ရောင်းစားခဲ့ကြောင်း ရင်နာဖွယ်ရာ သိခဲ့ရပါတယ်။
(ရှေးဟောင်းဥပဒေအရ အရေးယူလို့ရပေမယ့် အကြောင်းကြောင်းကြောင့် အရေးမယူနိုင်ခဲ့ကြကြောင်း နီးစပ်တဲ့ မော်လမြိုင်၊ မုတ္တမ မြို့ခံများ သိကြပါတယ်)
ပြန်ချုပ်ရရင်
၁။ ရှေးဟောင်း သထုံရာဇဝင် ပေါင်းချုပ် ကျမ်းကြီး အရ သုဓမ္မဝတီ (သထုံ) မြို့ကို ပျူမြန်မာ မင်းကြီး တိဿဓမ္မသီဟရာဇာ ဒွိတ္တဘောင် မင်းကြီးက တည်ခဲ့ပြီး သုဝဏ္ဏဘူမိဟာ ရှေးဟောင်း ပျူမြန်မာတို့ ဒေသဖြစ်ခြင်း။ (သုဝဏ္ဏဘူမိဟာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသဖြစ်ကြောင်း မော်လမြိုင်တက္ကသိုလ်၊ သမိုင်းဌာန၊ တွဲဘက်ပါမောက္ခ ဆရာဦးနိုင်ဝင်းရဲ့ သုဝဏ္ဏဘူမိ နေရာအမှန် ဖော်ထုတ်ခြင်း စာတမ်း (၂၀၁၂၊ နိုဝင်ဘာ) နဲ့ ထုတ်ဖော်ပြီး ဖြစ်ပါတယ်။)
၂။ ၎င်း သထုံရာဇဝင်ပေါင်းချုပ်ကျမ်းကြီးပါ (တိဿဓမ္မသီဟရာဇာ ဒွိတ္တဘောင် မင်းကြီး) ဆိုသည့်အချက် မှန်ကန်ကြောင်း ကျိုက္ကသာ၊ သထုံ၊ ဘီးလင်း၊ မော်လမြိုင် စသော ဒေသများမှ ပျူလက်ရာ ရှေးဟောင်းပစ္စည်းများက ခေတ်ပြိုင်အထောက် အထား ဖြစ်နေခြင်း တို့ပဲ ဖြစ်ပါတော့တယ် ခင်ဗျာ။
ဒီနေရာမှာ မေးသင့်တဲ့ မေးခွန်းတစ်ခုရှိတယ်။ သထုံ ရာဇဝင်၊ သထုံသမိုင်း စသဖြင့် ဆောင်းပါး၊ စာအုပ်တွေ ရေးသားနေကြတဲ့ ခုခေတ်စာရေးသူ တစ်ချို့ကို မေးချင်တာ။ သူတို့ဟာ  သထုံရာဇဝင်ပေါင်းချုပ် ကျမ်းကြီး မှာ အထင်အရှား ဖော်ပြထားတဲ့ ပထမဦးသထုံမင်းကြီး အမည်ဟာ တိဿဓမ္မသီဟရာဇာ အပြင်၊ ဒွတ္တဘောင်မင်း လို့ပါ ခေါ်တွင်ကြောင်းကို (ဘာကြောင့်) ဘာကြောင့် မဖော်ပြပဲ၊ ချန် ရေးကြတာလည်း ဆိုတဲ့ မေးခွန်းပဲ ပါပဲ။ 
(ကိုသာဝ)

ကျမ်းကိုး။       ။ သထုံရာဇဝင် ပေါင်းချုပ်ကျမ်းကြီး

Thursday, December 26, 2013

ပုဂံမင်း ငါးဆယ့်ငါး ပါး

ပုဂံမင်း (၅၅) ပါးကို မုံရွေးဆရာတော်ကြီးရဲ့ စေတီယကထာမည်သော ရာဇဝင်ချုပ်၊ ဦးကုလားရဲ့ ရာဇဝင်ချုပ် များအရ ဖော်ပြပေးပါ့မယ်။ ပုဂံမင်း ၅၅ပါးရှိခဲ့တယ်ဆိုတာ အဓိကခေတ်ပြိုင် အထောက်အထားတွေကတော့ တရုတ်ပြေးမင်းရဲ့ မင်္ဂလာစေတီကျောက်စာရယ်၊ ရှင်ဒိသာပါမောက်ရဲ့ သင်ပုန်းကြီးဖတ်စာ ရယ်တို့ ဖြစ်တယ်။ (သင်ပုန်းကြီးဖတ်စာဆိုတာ ပုဂံခေတ်ရှင်ဒိသာပါမောက် ပြုစုတဲ့ ပုဂံခေတ်နှောင်းကနေ ကိုလိုနီခေတ်တင်မက လွတ်လပ်ရေးရတဲ့ ခေတ်အထိ ဘုန်းတော်ကြီးသင်ပညာရေးမှာသုံးတဲ့ မြန်မာသင်ပုန်းကြီးဖတ်စာ ကိုပြောတာဖြစ်တယ်။)
ပုဂံမင်း (၅၅)ပါး
၁။ သမုဒ္ဒရာဇ် (အေဒီ ၁၀၇-၁၅၂) (ပထမဆုံး ပုဂံနိုင်ငံတော် အရိမဒ္ဒနပူရ ကို ယုန်လွှတ်ကျွန်းမှာ တည်ထောင်တယ်)
၂။ ရသေ့ကြောင် (အေဒီ ၁၅၂-၁၆၇)
၃။ ပျူစောထီး (အေဒီ ၁၆၇-၂၄၂)
၎။ ထီးမင်းယဉ် (အေဒီ ၂၄၂-၂၉၉)
၅။ ယဉ်မင်းပိုက် (အေဒီ ၂၉၉-၃၂၄)
၆။ ပိုက်သေဉ်လည် (အေဒီ ၃၂၄-၃၄၄)
၇။ သေဉ်လည်ကြောင် (အေဒီ ၃၄၄-၃၈၇) ( လောကနန္ဒာအရပ်မှာ သီရိပစ္စယာ အမည်နဲ့ ဒုတိယ ပုဂံမြို့ကို တည်ထောင်တယ်။)

၈။ ကြောင်ဒူရစ် (အေဒီ ၃၈၇-၄၁၂)
၉။ သည်ထန်မင်း (အေဒီ ၄၁၂-၄၃၉)
၁၀။ မုက္ခမန် (အေဒီ ၄၃၉) (သုံးလသာ မင်းပြုရသည်။ အချို့က ထည့်မတွက်)
၁၁။ သူရဲမင်း (အေဒီ ၄၃၉-၄၉၄)
၁၂။ သာရမွန်ဖျား (အေဒီ ၄၉၄-၅၁၆)
၁၃။ သိုက်တိုင်မင်း (အေဒီ ၅၁၆-၅၂၃) (သမထီး အရပ်မှာ တတိယ ပုဂံမြို့ ဖြစ်တဲ့ တမ္မဝတီ မြို့ကို တည်ထောင်ပါတယ်။)
၁၄။ သေဉ်လည်ကြောင်ငယ် (အေဒီ ၅၂၃-၅၃၂)
၁၅။ သေဉ်လည်ပိုက် (အေဒီ ၅၃၂-၅၄၇)
၁၆။ ခန်လောင်မင်း (အေဒီ ၅၄၇-၅၅၇)
၁၇။ ခန်တက်မင်း (ဝါ) ခန်လတ်မင်း (အေဒီ ၅၅၇-၅၆၉)
၁၈။ ထွန်တိုက်မင်း (အေဒီ ၅၆၉-၅၈၂)
၁၉။ ထွန်လွတ်မင်း (ဝါ) ထွန်ပစ်မင်း (အေဒီ ၅၈၂-၅၉၈)
၂၀။ ထွန်ချစ်မင်း (အေဒီ ၅၉၈- ၆၁၃)
၂၁။ ပုပ္ပားစောရဟန်းမင်း (အေဒီ ၆၁၃-၆၄၀)
၂၂။ ရွှေအုန်းသီးမင်း (အေဒီ ၆၄၀-၆၅၂)
၂၃။ ပိတ်သုံမင်း (အေဒီ ၆၅၂-၆၆၀)
၂၄။ ပိတ်တောင်းမင်း (အေဒီ ၆၆၀-၇၁၀)
၂၅။ မင်းခွေး (ဝါ) စောခွေးမင်း (အေဒီ ၇၁၀-၇၁၆)
၂၆။ မြင်းကျွေးမင်း (အေဒီ ၇၁၆-၇၂၆)
၂၇။ သိင်္ခမင်း (အေဒီ ၇၂၆-၇၃၄)
၂၈။ သိန်းခွန်မင်း (အေဒီ ၇၃၄-၇၄၄)
၂၉။ ရွှေလောင်းမင်း (အေဒီ ၇၄၄-၇၅၃)
၃၀။ ထွန်တွန်းမင်း (အေဒီ ၇၅၃-၇၆၂)
၃၁။ ရွှေမှောက်မင်း (အေဒီ ၇၆၂-၇၈၅)
၃၂။ ထွန်လွတ်မင်း (အေဒီ ၇၈၅-၈၀၂)
၃၃။ စောခင်နစ် (အေဒီ ၈၀၂-၈၂၉)
၃၄။ ခဲလူးမင်း (အေဒီ ၈၂၉-၈၄၆)
၃၅။ ပျဉ်ပြားမင်း (အေဒီ ၈၄၆-၈၇၈) (နန်းတက်လို့ ၃နှစ်အကြာ အေဒီ ၈၄၉ မှာ ယခု ပုဂံကို တည်ခဲ့တယ်။ အမည်ကိုတော့ ပထဆုံးပုဂံရဲ့ အမည် အရိမဒ္ဒနပူရ လို့ပဲထပ်ပေးတယ်။)

၃၆။ တံနက်မင်း (အေဒီ ၈၇၈-၉၀၆)
၃၇။ စလေငခွေးမင်း (အေဒီ ၉၀၆-၉၃၆)
၃၈။ သိန်းခိုမင်း (အေဒီ ၉၃၆-၉၅၈)
၃၉။ ညောင်ဦးစောရဟန်း (တောင်သူကြီး) (အေဒီ ၉၅၈-၉၉၁)
၄၀။ ကွမ်းဆော်ကြောင်ဖြူမင်း (အေဒီ ၉၉၁-၁၀၁၃)
၄၁။ ကြည်စိုးမင်း (အေဒီ ၁၀၁၃-၁၀၁၉)
၄၂။ စုက္ကတေးမင်း (အေဒီ ၁၀၁၉-၁၀၄၄)
၄၃။ အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇)
၄၄။ စောလူးမင်း (အေဒီ ၁၀၇၇-၁၀၈၄)
၄၅။ ကျန်စစ်သားမင်း (အေဒီ ၁၀၈၄-၁၁၁၃)
၄၆။ အလောင်းစည်သူမင်း (အေဒီ ၁၁၁၃-၁၁၆၃)
၄၇။ နရသူ (ကုလားကျမင်း) (အေဒီ ၁၁၆၃-၁၁၆၅)
၄၈။ မင်းယဉ်နရသိင်္ခ (အေဒီ ၁၁၇၀-၁၁၇၃)
၄၉။ နရပတိစည်သူ (အေဒီ ၁၁၇၄-၁၂၁၁)
၅၀။ ဇေယျသိင်္ခ (နားတောင်းများမင်း) (အေဒီ ၁၂၁၁-၁၂၃၁)
၅၁။ ကျစွာမင်း (အေဒီ ၁၂၃၅-၁၂၅၁)
၅၂။ ဥဇနာမင်း (အေဒီ ၁၂၅၁-၁၂၅၆)
၅၃။ နရသီဟပတေ့ (ဝါ) တရုတ်ပြေးမင်း (အေဒီ  ၁၂၅၆-၁၂၈၇)
၅၄။ ကျော်စွာ (အေဒီ ၁၂၈၇-၁၂၉၈)
၅၅။ စောနစ် (အေဒီ ၁၂၉၉-၁၃၂၅)
၅၆။ စောမွန်နစ် (အေဒီ ၁၃၂၅-၁၃၆၈)
(အစဉ်အလာအရ ပုဂံမင်း ၅၅ပါးလို့ မှတ်သားကြတယ်။ သုံးလသာ နန်းစံရတဲ့ ၁၀ ဆက်မြောက် မုက္ခမာန်ကို ထည့်မတွက်လို့ဖြစ်တယ်။ သူ့ကို ထည့်တွက်ရင်တော့ ၅၆ပါး ဖြစ်တယ်)

သမုဒ္ဒရာဇ်မင်း ( အေဒီ ၁၀၇) မှာ စတည်ထောင်ပြီး စောမွန်နစ် နတ်ရွာစံတဲ့ (အေဒီ၁၃၆၈) အထိ ပုဂံနန်းဆက်ဟာ နှစ်ပေါင်း (၁၂၆၁) ရှိပါတယ်။ ကမ္ဘာနဲ့ချီလို့ နှစ်ပေါင်း ထောင်ချီအောင် သက်တမ်းကြာတာ ပုဂံခေတ် တစ်ခုတည်းသာ ရှိကြောင်း မှတ်တမ်းပြုလိုက်ရပါတယ်။
(ကိုသာဝ)

Tuesday, November 5, 2013

မွန်တိုင်းရင်းသားများသည် အာဖဂန်၊ ပါရှန်တို့၏ အဆက်အနွယ် ဖြစ်တန်သည်ဟု ထင်ယောင်မှားစေရန် G.H Luce ရေးသားခဲ့ခြင်း

မွန်တိုင်းရင်းသားများသည် အာဖဂန်၊ ပါရှန်တို့၏ အဆက်အနွယ် ဖြစ်တန်သည်ဟု ထင်ယောင်မှားစေရန် G.H Luce ရေးသားခဲ့ခြင်း



ပျူ နိုင်ငံမှ ပျူ လူမျိုးတို့ကို  (အေဒီ ၈၈၀) ပါရှန်မှတ်တမ်းမှ “ဋသူလ်” ၊ (အေဒီ၉၈၂) အာဖဂန်မှတ်တမ်း မှ “တိသူလ်” ဟု ခေါ်ကြောင်း G.H Luce က သူ၏ The Ancient Pyu (1937, JBRS) စာတမ်းတွင် ရေးသားခဲ့ပါသည်။
          မွန်ဘာသာဖြင့် ရေးထိုးထားသော ကျန်စစ်သားမင်း နန်းတည်ကျောက်စာ တွင် “တိရ်စူ” ဟူသော ဝေါဟာရ ပါဝင်သည်။ မွန်ဝေါဟာရ၊ မွန်စကား အသံထွက်ဖြင့် ရေးထိုးထားခဲ့သော ထို “တိရ်စူ” သည် ပါရှန်မှတ်တမ်း (အေဒီ၈၈၀)၊ အာဖဂန်မှတ်တမ်း (အေဒီ ၉၈၂) တို့၌ပါဝင်သော  “ဋသူလ်”၊ “တိသူလ် ” တို့နှင့် အတူတူ ဖြစ်လိမ့်မည်ဟု အထောက်အထားမဲ့ လုစ် ရေးသား ပြောဆို ခဲ့ပါသည်။
လုစ်၏ ရေးသားပြောဆိုချက်အရ “တိရ်စူ” သည်၊  “ဋသူလ်”၊ “တိသူလ်” တို့ နှင့်အတူတူ ဆိုလျှင် မွန်စကားသည် အာဖဂန်စကားနှင့် အတူတူ၊ မွန်စကားသည် ပါရှန် စကားနှင့် အတူတူဟု ယူဆဖွယ် ဖြစ်နေပါသည်။ ထိုသို့ မွန်စကားသည် အာဖဂန်၊ ပါရှန် စကားတို့နှင့် တူညီသောကြောင့် မွန်လူမျိုးသည် အာဖဂန်-ပါရှန် ကပြားဟု ယူဆမှားဖွယ် ဖြစ်နေပါသည်။ လုစ်ပြောသည့်အတိုင်း မွန်ဘာသာစကားဖြင့် ရေးထားသော တိရ်စူသည် အာဖဂန်စကားဋသူလ်၊ ပါရှန် စကား တိသူလ်  တို့နှင့် အတူတူဟု ယူဆပြောဆိုသူများသည်လည်း လုစ်ကဲ့သို့ မွန် သည် အာဖဂန် ပါရှန် ကပြားဖြစ်သည်ဟု လိုက်ပြောရာ ကျနေပေသည်။
မွန် လူမျိုးသည် ပါရှန် မဟုတ်ကြောင်း လုစ် မသိပြီလော။ မွန် လူမျိုးသည် အာဖဂန် မဟုတ်ကြောင်း လုစ် မသိပြီလော။ မွန်စကားသည် ပါရှန်စကား၊ အာဖဂန် စကားတို့နှင့်မတူ ဆိုတာကို လုစ်မသိပြီလော။ လုစ်မသိ ဆိုတာ မဖြစ်နိုင်ပါ။ ဒါဆို မွန်တိုင်းရင်းသားများသည် အာဖဂန်၊ ပါရှန်တို့၏ အဆက်အနွယ် ဖြစ်တန်သည်ဟု ထင်ယောင်မှားစေရန် G.H Luce ဘာလို့ ရေးခဲ့ပါသနည်း လို့သာ မေးခွန်းထုတ်လိုက် ချင်ပါတော့သည်။

Saturday, October 26, 2013

အနော်ရထာ မတိုင်မီခေတ် မြန်မာ့သမိုင်းအတွက် ကိုးကားစရာ စာတမ်း



အနော်ရထာ မတိုင်မီခေတ် မြန်မာ့သမိုင်းအတွက် ကိုးကားစရာ စာတမ်း


အနော်ရထာမတိုင်မီခေတ် မြန်မာနိုင်ငံသမိုင်းကို လေ့လာချင်လို့ တတ်အားသမျှ လိုက်ရှာကြည့်တော့ သမိုင်းစာတမ်း ရေးသားထားတာ ၂၀၀၃ ခုနှစ်မတိုင်မီ အထိ၊ G.H Luce ရဲ့ Old Kyaukse And The Coming of The Burmans (JBRS, XL II, i, June, 1959) ကိုသာ တွေ့ရပါတယ်။ ဒေါက်တာသန်းထွန်း၊ ဗိုလ်မှူးဘရှင်နဲ့ အခြား ဆရာများ ရေးခဲ့တဲ့ အနော်ရထာခေတ် မတိုင်မီ မြန်မာ့သမိုင်း အကြောင်းများဟာလဲ Luce ရဲ့ Old Kyaukse (ကျောက်ဆည်စာတမ်း) ကို ကျမ်းကိုး လက်ခံရေးသား ထားတာများသာ ဖြစ်ပါတယ်။
ဒါကလည်း မဆန်းပါဘူး။ မြန်မာ့ ရှေးရာဇဝင်တွေမှာ ဟန်လင်းရာဇဝင်၊ တကောင်းရာဇဝင်၊ သရေခေတ္တရာ ရာဇဝင်၊ ပုဂံရာဇဝင် စတဲ့ ရာဇဝင် ပေထုပ်ကြီးတွေ၊ မှန်နန်း၊ ဦးကုလားရဲ့ မဟာရာဇဝင်ကြီး စသဖြင့် ရာဇဝင်မှတ်တမ်းတွေ ရှိပေမယ့် ၎င်းရာဇဝင် မှတ်တမ်းများဟာ သမိုင်းပညာအရ ခေတ်ပြိုင် အထောက်အထားများနှင့် တိုင်ဆိုင်မစစ်ဆေး ရသေးတဲ့အတွက် ကျမ်းကိုးလို့ မရပါဘူး။ ဒီတော့ အခြားဆရာများဟာ အနော်ရထာမတိုင်မီ မြန်မာ့သမိုင်း အကြောင်းများ ပြောချင်ရင် တစ်စောင်တည်းသော သမိုင်းစာတမ်းဖြစ်တဲ့ လုစ် ရဲ့ ကျောက်ဆည်စာတမ်း ကိုသာ ကျမ်းကိုး ရပါတော့တယ်။
အံ့သြစရာကောင်းတာက မြန်မာအစ၊ ရှေးဦး မြန်မာ့သမိုင်းကြောင်းကြီး တစ်ခုလုံးကို ရေးသားဖို့အတွက် အဓိကကျမ်းကိုး (main source) အဖြစ် တရုတ်ဘက်က မန်ရှု မှတ်တမ်းကို တစ်ခုတည်းကိုသာ အသုံးပြုကြောင်း လုစ်က ဝန်ခံထာပါတယ်။
ဆရာကြီး ဦးဖိုးလတ်က G.H Luce ရဲ့ အဓိကကျမ်းကိုး (main source) အသုံး ပြုခဲ့တဲ့ မန်ရှုကျမ်းကို အများပြည်သူရှေ့ ထုတ်ပြဖို့ တောင်းဆိုခဲ့ပေမယ့် လုစ်က ထုတ်မပြခဲ့ပါဘူး။ အဲ့သလိုနဲ့ ဆရာကြီးဦးဖိုးလတ်က မြန်မာအစ ဆိုတဲ့ စာတမ်းရေးပြီး G.H Luce ရဲ့ မြန်အစ ကျောက်ဆည် အယူအဆကို တုံ့ပြန်ချေပလိုက်ပါတယ်။ ဆရာကြီးဦးဖိုးလတ်ရဲ့ မြန်မာအစဟာ ပုဂ္ဂိုလ်ရေးမပါ၊ ဓမ္မဒိဌာန်ကျကျ အင်မတန့်ကို အကြောင်းသင့်၊ အကျိုးသင့် ရေးသားခဲ့တာပါ။ G.H Luce ရဲ့ မြန်မာအစ ကျောက်ဆည်က နှင့် အခြံအရံ အယူအဆအားလုံးဟာ ခန့်မှန်းချက်တွေ၊ ဖြစ်တန်ရာတွေ ချည့် ရေးထားတာ။ မြေပေါ် မြေအောက် တူးဆွ သုတေသန မလုပ်ရတာတွေ အများကြီးကျန်သေးတယ်။ သုတေသန သေခြာ မလုပ်ရသေးခင် ယုတ္တိမပြည့်စုံ၊ မခိုင်လုံတဲ့ အယူအဆများကို ကျောင်းသုံး၊ ပြည်သူသုံး လက်စွဲစာစောင် စာအုပ် များမှာ မထည့်သွင်းပါနဲ့ဦးလို့ အတန်တန် သတိပေးသွားပါတယ်။ 

(ဒါပေမယ့် လွတ်လပ်ရေးမရခင် ၁၉၃၁ ကစလို့၊ လွတ်လပ်ရေးရပြီး ရန်ကုန်တက္ကသိုလ်ကို ပြည်သူပိုင် မသိမ်းခင်အထိ ရန်ကုန်တက္ကသိုလ်ထဲမှာ လုစ်က ၎င်းအယူအဆများကို ကောင်းကောင်းမှိုင်းတိုက် သိမ်းသွင်းခဲ့ပါတယ်။  သင်ရိုးထဲမှာ ထည့်ခဲ့သလို၊ စာပေဗိမာန်က ထုတ်တဲ့ စွယ်စုံကျမ်းထဲ အထိ ပါအောင် အားထုတ်ခဲ့ပါတယ်။ ရန်ကုန် တက္ကသိုလ်ကို ပြည်သူပိုင် သိမ်းပြီးနောက်မှာလည်း လုစ်ရဲ့တပည့် ရန်ကုန်တက္ကသလိုလ် သမိုင်းဌာနက ဆရာကြီးတစ်ဦးက ကျောင်းသင်ရိုးထဲပါ ထည့်သွင်းလိုက်ပါတော့တယ်။)
ဆရာကြီးဦးဖိုးလတ်လိုပဲ ဒေါက်တာထင်အောင် (ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ် ) ကလည်း G.H Luce ရဲ့ အထောက်အထား ကင်းမဲ့မှု၊ ရှေ့နောက်မညီမှု၊ ရှေးကျောက်စာ ဖတ်ပုံ မသေခြာမှု၊ ယုတ္တိမရှိ မှုများကို ထောက်ပြပြီး “Burmese History Before 1287: A Defence Of The Chronicles”  စာတမ်းနဲ့ သုံးသပ် ဝေဖန် ကန့်ကွက်ခဲ့ပါတယ်။ ၎င်းစာတမ်းကို ၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ၊ ကိုလံဘီယာ တက္ကသိုလ်မှာ ကျင်းပတဲ့ အရှေ့တိုင်း သမိုင်းညီလာခံမှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။ 1970 မှာ The ASOKA Society, Oxford က ပုံနှိပ်တယ်။


၂၀၀၃ ခုနှစ် မတိုင်မီ အထိ အနော်ရထာမတိုင်ခင် မြန်မာ့သမိုင်း အကြောင်း ပြောချင်ရင် ကျောက်ဆည်စာတမ်းကို ကျမ်းကိုး။ ကျောက်ဆည်စာတမ်း အယူအဆကိုမှ မကြိုက်ရင် ကိုး စရာ ကျမ်းမရှိ။ အဲဒီအတွက် အနော်ရထာခေတ် မတိုင်မှီ မြန်မာ့သမိုင်း အကြောင်းကို မပြောပဲသာ နေပေတော့။ အဲ့ဒီ အခြေအထိ ဆိုက်အောင် မြန်မာနိုင်ငံမှာ (အနော်ရထာ မတိုင်ခင်ခေတ်အတွက်) ကိုးစရာ ကျမ်းက ကျောက်ဆည်စာတမ်း တစ်ခုသာ ရှိခဲ့တဲ့ အခြေအနေပါ။
ဒါဖြင့် သမိုင်းက ပါမောက္ခ၊ ဆရာကြီးတွေ ဘာလုပ်နေကြသလဲ။ မသိတဲ့သူတွေ အဖို့ အဲ့သလို မေးဖို့ရှိပေမယ့် တကယ်တန်း သမိုင်းဌာနာက ဆရာကြီးတွေဟာ သူ့ခေတ်နဲ့သူ specialize (အထူးပြု) မတူ ကြပါဘူး။
ဥပမာ- ဆရာကြီး ဒေါက်တာသန်းထွန်း ဆိုရင် ပုဂံခေတ် specialize။ ဆရာကြီး ဦးတိုးလှ ဆိုရင် ကုန်းဘောင်ခေတ်ဦး specialize ။ ဒေါက်တာကျော်ဝင်း ဆိုရင် တောင်ငူ ခေတ် specialize ။ စသဖြင့် သူ့ခေတ်နဲ့သူ ကျွမ်းကျင်မှု မတူကြပါဘူး။
ဒါဖြင့် နောက်ထပ် နောက်ထပ်သူတွေ ကရော အနော်ရထာ မတိုင်မီခေတ်ကို ဘယ်သူမှ စာတမ်း မလုပ်ကြတော့ဘူးလား၊ ဘာဖြစ်လို့ မလုပ်ကြတာလဲလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့ အဖြေရှိပါတယ်။ သမိုင်းအတွက် MA ပဲ ဖြစ်ဖြစ်၊ PHD ပဲ ဖြစ်ဖြစ် စာတမ်းလုပ်ဖို့က (၃) နှစ်ပဲ အချိန်ရပါတယ်။ သုံးနှစ်အတွင်းမှာ စာတမ်းမပြီးရင် ဘွဲ့မရ တော့ပါဘူး။ (သမိုင်းဘက်က ဆရာများ သိကြပါတယ်။ ပုဂံခေတ် တစ်ခေတ်ထဲတောင် ဖတ်စရာ ကျောက်စာတွေ များလှသမို့၊ အထောက်အထားရှာရ ခက်သမို့ ပုဂံခေတ်တောင် စာတမ်းလုပ်သူ ရှားလှပါတယ်)
အနော်ရထာ မတိုင်ခင်ခေတ် အကြောင်း စာတမ်း လုပ်မယ်ဆိုရင် အထောက်ထားရှာရတာ နဲ့တင်ကို ကျောင်းက ပေးထားတဲ့ အချိန် (၃)နှစ်က မလောက်ပါဘူး။ ကျောက်စာတွေ အများကြီးဖတ်ရမယ်။ ဗုဒ္ဓခေတ်၊ အသောကခေတ် မှာ သုံးတဲ့ ဗြဟ္မီ ဆိုတဲ့ အက္ခရာတွေအကြောင်း သိအောင် လုပ်ရဦးမယ်။ သရေခေတ္တရာ၊ ဟန်လင်း တို့ကတွေ့တဲ့ (ယာယီ)ပျူ ဆိုတဲ့ စာတွေ ဖတ်တတ်အောင် လုပ်ရဦးမယ်။ တရုတ်ဘက်က မှတ်တမ်းတွေနောက် လိုက်ရဦးမယ်။ စာတမ်းခေါင်းစဉ် အချိန်မီ တင်ရမှာနဲ့။ (၃) နှစ် အချိန်က မလောက်ပါဘူး။ ဒါနဲ့ပဲ ၂၀၀၃ ခုနှစ် မတိုင်ခင်အထိ (လုစ်ရဲ့ ကျောက်ဆည်စာတမ်းကလွဲရင်) အနော်ရထာခေတ် မတိုင်မီ မြန်မာနိုင်ငံ သမိုင်း အကြောင်း သမိုင်းစာတမ်း မရှိခဲ့ပါဘူး။

ပြင်ပပညာရှင်နဲ့ မြန်မာ့သမိုင်းပြုစုရေး ကော်မရှင်
          မြန်မာ့သမိုင်းပြုစုရေး အဖွဲ့မှာ ပြင်ပ ပညာရှင်တစ်ဦး စာတမ်း တင်သွင်း လာဖတ်မယ်ဆိုရင် ပထမဦးဆုံး တင်သွင်းမယ့် စာတမ်းကို ခေတ်အလိုက် ကျွမ်းကျင်သူ ဆရာကြီးများထံမှာ အလျင် အစစ်ဆေးခံရပါတယ်။ (ဗရမ်းဗတာ ရေးချင်တာ ရေးလာတာမျိုးကို တင်သွင်းခွင့်၊ ဖတ်ခွင့် ပေးတာ မဟုတ်ပါဘူး) ခေတ်အလိုက် ကျွမ်းကျင်သူ ဆရာကြီးများက သေခြာစိစစ်၊ အထောက်အထားများ၊ ကျမ်းကိုးများ မှန်မမှန် တိုက်ဆိုင် စစ်ဆေး၊ မှန်ကန်တော့မှ ဖတ်ခွင့်ပြုတာ ဖြစ်ပါတယ်။ စာတမ်းဖတ်တဲ့ အချိန်မှာလည်း မှားလျင် ဝိုင်းဝန်းကန့်ကွက်မယ့်၊ မေးခွန်းတွေ ထုတ်မယ့် ပညာရှင်အုပ်စု လိုက်ကြီး ရှေ့မှာ ဖတ်ရတာပါ။
(ဖိန့်လို့ မရပါဘူး။ ရွှီးလို့ မရပါဘူး။ တတ်ယောင်ကား၊ သိယောင်ကား လုပ်လို့ မရပါဘူး။ အထောက်အထား မခိုင်လုံတာ လာတင်ပြရင် ဗျမ်းကနဲ နေအောင် ကွဲထွက်သွားမှာပါ။ မြန်မာနိုင်ငံက တကယ့်ထိပ်သီး၊ သမိုင်းနှင့် ရှေးဟောင်းသုတေသန ပညာရှင်များ ရှေ့မှာ ဖတ်ရတာလို့ မှတ်ကြပါလေ )

စာတမ်းဖတ်ပြီ
အဲသလို မြန်မာ့သမိုင်းပြုစုရေး အဖွဲ့ထံ ၂၀၀၃ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်က မြန်မာ့သမိုင်း ပြုစုရေးအဖွဲ့ ရဲ့ စာတမ်းဖတ်ခန်းမ၊ တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန၊ အမရဆောင်မှာ ပြင်ပ ပညာရှင်တစ်ဦးက အနော်ရထာမတိုင်မီ ခေတ်နဲ့ ပတ်သက်လို့ မြန်မာ့သမိုင်း စာတမ်းတစ်စောင် တင်သွင်း ဖတ်ကြားပါတော့တယ်။
စာတမ်းဖတ်သူ သမိုင်းသုတေသန ပညာရှင်ကတော့ ဦးကျော်ဇင် (ဘုန်းတင့်ကျော်) ဖြစ်ပြီး တင်သွင်းဖတ်ကြားတဲ့ စာတမ်း ခေါင်းစဉ်ကတော့ “ကျမ်းကိုးများ၊ ရှေးဗမာကျောက်စာများနှင့် ကွဲလွဲမှားယွင်းနေသော ဂျီအိပ်ခ်ျလုစ်၏ ဗမာ့သမိုင်း အယူအဆ” ဖြစ်ပါတယ်။ အဲ့ဒီစာတမ်းဖတ်ပြီး နောက်နှစ် ၂၀၀၄ ခုနှစ် မတ်လ ၁၁ရက်နေ့မှာ ဒုတိယစာတမ်း “မြန်မာဟူသော ပျူရာဇဝင်ဆိုရိုးစကားကို ရှေးပျူ၊ ဗမာ ကျောက်စာများနှင့် နှိုင်းယှဉ် လေ့လာကြည့်ခြင်း” ကို ဖတ်ခဲ့ပါတယ်။ (၎င်း စာတမ်းနှစ်စောင်ကို “နှစ်ပေါင်း နှစ်ထောင်ကျော်ပြီး ဖြစ်သော မြန်မာ့သမိုင်း (၁၊၂)” အဖြစ် ကံကော်ဝတ်ရည်စာပေမှ နှစ်အုပ်တွဲ ပုံနှိပ် ထုတ်ဝေပြီး ဖြစ်ပါတယ်။)

ဘယ်လို သမိုင်းပညာရှင်က စစ်ဆေးပြီး ဘယ်လို အားထုတ်ထားတဲ့ စာတမ်းလဲ
                    ၎င်းစာတမ်း (၂)စောင်ကို မဖတ်ကြားခင်မှာ မြန်မာ့သမိုင်း ပြုစုရေးအဖွဲ့ကို တင်သွင်းတဲ့အခါ ပျူခေတ်နှင့် ပုဂံခေတ် specialize၊ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း ကိုယ်တိုင် စေ့စေ့စပ်စပ် စိစစ် စစ်ဆေးပါတယ်။ သရေခတ္တရာခေတ်၊ ပုဂံခေတ် ရှေးဗမာ ကျောက်စာတွေ၊ ခေတ်ပြိုင် အိန္ဒိယ၊ တရုတ်သမိုင်း အထောက်အထားတွေ၊ ကျမ်းကိုးတွေကို အသေးစိတ် စစ်ဆေးပြီး အမှားမရှိဘူး၊ အားလုံးမှန်တာ စစ်ဆေးတွေ့ရှိရလိှု့ ဒေါက်တာသန်းထွန်းက စာတမ်းဖတ်ခွင့် ပြုဖို့ သဘောတူတာပါ။ အဲ့ဒီစာတမ်း ဖတ်ပွဲ (၂) ပွဲလုံးမှာလည်း ဒေါက်တာသန်းထွန်း က သူကိုယ်တိုင် သဘာပတိ အဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။
          အဲဒီစာတမ်းမှာမှာ ပြည်တွင်း ပြည်ပ ကျမ်းကိုး စာအုပ်၊ စာတမ်းပေါင်း ကတော့(၉၂) အုပ် တောင်ရှိပြီး၊ အောက်ခြေမှတ်စုပေါင်း တစ်ထောင်ကျော် ပါဝင်ပါတယ်။ စာတမ်းရှင် ဆရာဘုန်းတင့်ကျော်ဟာ အဲ့ဒီစာတမ်း နှစ်စောင် ပြုစုဖို့ နှစ်ပေါင်း (၂၁) နှစ် တိုင်တိုင် သုတေသန ပြု အားထုတ်ခဲ့ရတယ် လို့လဲ သိရပါတယ်။
အဲ့ဒီစာတမ်း (၂)စောင်ဟာ G.H Luce ရဲ့ ကျောက်ဆည်စာတမ်းနှင့် အခြံအရံ အယူအဆများ အားလုံး မှားကြောင်း၊ ကျောက်စာအထောက်အထားများ ပြည်တွင်း ပြည်ပ ခေတ်ပြိုင် အထောက်အထားများနဲ့ တကွ ဖော်ထုတ်နိုင်သလို မြန်မာ့သမိုင်း သက်တမ်းဟာလည်း နှစ်ပေါင်း နှစ်ထောင်ကျော်ပြီးဖြစ် ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ (လုစ် ပြောသလိုဆိုရင် မြန်မာ့သမိုင်းဟာ အေဒီ ၁၁ရာစုလောက်မှ စတင်ပြီး နှစ်ပေါင်း ၁၀၀၀ ခန့်သာ ရှိဦးမှာပါ။ ဂျီအိပ်ခ်ျ လုစ်က ရှေ့ပိုင်း ပုဂံ (၃)ခေတ်နဲ့ နှစ်ပေါင်း ၁၀၀၀ ကျော် သမိုင်းကို ထိန်ချန် လိမ်ညာခဲ့တာ ပေါ် သွားခဲ့တာပဲ ဖြစ်ပါတယ်)
နှစ်ပေါင်းများစွာ ဘာမှန်းမသိဖြစ်နေရတဲ့ ပြူ ဆိုတာလဲ မြန်မာရဲ့ အမည်ကွဲတစ်ခုသာ ဖြစ်ကြောင်း၊ ပြုဟာ မြန်မာဖြစ်ကြောင်းကိုလဲ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၁၉၁၂ ကနေ ၁၉၅၇ ခုနှစ်အတွင်း အကြိမ်ကြိမ်လွဲမှား ပျက်စီးခဲ့ရတဲ့ မြန်မာလူမျိုး၊ မြန်မာနိုင်ငံ၊ မြန်မာ့ထေရဝါဒ ဗုဒ္ဓဘာသာ၊ မြန်မာ့ယဉ်ကျေးမှု တို့ရဲ့ သမိုင်းသက်တမ်းအမှန် နှစ်ပေါင်း နှစ်ထောင်ကျော်ခဲ့ပြီ ဆိုတာ အထောက်အထားများနှင့် ထင်ရှား ပေါ်ပေါက်အောင် ဖော်ထုတ်ပေးခဲ့တဲ့ စာတမ်းနှစ်စောင်လဲ ဖြစ်ပါတယ်။

အဲ့ဒီ့ သမိုင်းသုတေသန စာတမ်းဖတ်ပွဲကို မြန်မာ့သမိုင်း ပြုစုရေးအဖွဲ့ တာဝန်ရှိသူများ အပြင်၊ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)၊ ဆရာကြီးဦးအံ့ကျော် (တွဲဘက်ပါမောက္ခ၊ သမိုင်း (ငြိမ်း)၊ ဆရာကြီးဦးထွန်းအောင်ချိန် (ရန်ကုန်တက္ကသိုလ် သမိုင်း ပါမောက္ခ (ငြိမ်း))၊ ဆရာမကြီး ဒေါ်အုန်းကြည် (မြန်မာသမိုင်း ပြုစုရေးအဖွဲ့ဝင် ပညာရှင်)၊ အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်း၊ မစ္စတာဟဒ်ဆန်၊ ဆရာကြီး ဦးစိုင်းအောင်ထွန်း (ဒုဥက္ကဌ၊ မြန်မာသမိုင်းပြုစုရေးအဖွဲ့)၊ ဆရာကြီးဦးလှထွန်းဖြူ၊ ဆရာကြီးဦးအောင်မြတ်ကျော် တို့ပါ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။  (စာအုပ်ပါ ဓာတ်ပုံမှတ်တမ်းများအရ)
အဲ့ဒီစာတမ်းဖတ်ပွဲမှာ ကန့်ကွက်သူ မရှိ၊ ဆရာကြီးဦးအောင်မြတ်ကျော်က ထောက်ခံ ဆွေးနွေးခဲ့ပါတယ်။ နိဂုံးချုပ် အနေနဲ့ သဘာပတိ ဆရာကြီး ဒေါက်တာသန်းထွန်းက
ယခု စာတမ်းဖတ်ပွဲမှာ ဦးကျော်ဇင်စာတမ်း အလွန်ကောင်းပါတယ်။ ဦးကျော်ဇင်တင်ပြတဲ့ သုတေသနအသစ်တွေအရ ဂျီအိပ်ခ်ျလုစ် ပြောတဲ့ ဗမာအစကျောက်ဆည် အယူအဆမှားကြောင်း တွေ့ရပါတယ်။ သုတေသန လုပ်ထုံးလုပ်နည်းအရ မှားတာတွေ့ရင် ပယ်ရပါတယ်။ ဒါကြောင့် ဂျီအိပ်ခ်ျလုစ်ရဲ့ ဗမာအစကျောက်ဆည် အယူအဆကို ပယ်ပြီး မြန်မာ့သမိုင်းကို ကျွန်တော်တို့ အသစ်ပြန်ရေးရပါမယ်။ ယခု တင်ပြ ဖတ်ကြားတဲ့ စာတမ်း အလွန်ကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒေါက်တာ သန်းထွန်း ဆိုတာ အထောက်အထားနဲ့ပတ်သက်ရင် အလွန်စည်းကမ်းကြီးပြီး သမိုင်းစာတမ်းတွေနဲ့ ပတ်သက်ရင် အလွန် ချီးကျူးခဲ သူပါ။
          အနော်ရထာမတိုင်မီခေတ် မြန်မာ့သမိုင်း အတွက် သမိုင်းပညာစာတမ်း လိုအပ်ရင်  G.H Luce ရဲ့ ကျောက်ဆည်စာတမ်းကလဲ (ပညာရှင်များရှေ့မှာ) မှားယွင်းကြောင်း ပေါ်ပေါက်ခဲ့ပြီဖြစ်လို့ သုတေသီ ဘုန်းတင့်ကျော်ရဲ့ “နှစ်ပေါင်း နှစ်ထောင်ကျော်ခဲ့ပြီဖြစ်သော မြန်မာ့သမိုင်း ၁၊၂) သာ တစ်ခုတည်းသော ကိုးကားစရာ ပညာရှင် စာတမ်းအဖြစ် ရှိကြောင်း ဖော်ပြလိုက်ရပါတယ် ခင်ဗျား။ 

(ကိုသာဝ)