Friday, September 27, 2013

အနော်ရထာခေတ် နဲ့ ရှင်အရဟံ

       အနော်ရထာနှင့် ရှင်အရဟံ မတိုင်မီ ကတည်းက ပုဂံ၌ ထေရဝါဒ သာသနာ ရှိခဲ့ကြောင်း ဒီမှာ ကျနော် ရေးခဲ့ပါတယ်။ အဲ့ဒီမှာ ရှင်အရဟံဟာ သထုံကရောက်လာတာလား၊ သီဟိုဠ်က ကြွလာတာလား၊ ပုဂံသားလား စသဖြင့်မေးစရာပေါ်ခဲ့ပါတယ်။ (မေးလည်း မေးခဲ့ပါတယ်) အနော်ရထာက သထုံကို စစ်မတိုက်ခဲ့ဘူး ဆိုရင် ရှင်အရဟံ ဆိုတာရော ပုဂံခေတ်မှာ တကယ်ရှိတယ်ဆိုတဲ့ သမိုင်း အထောက်အထား ရှိသလား။ ဒါကိုလည်း ရှာဖွေတင်ပြပေးဖို့လိုပါတယ်။
     ဦးကုလားရဲ့ မဟာရာဇဝင်ကြီး ပါတဲ့ ရှင်အရဟံ အကြောင်းကို အလျင်တင်ပြပါ့မယ်။ ပြီးမှ အထောက်အထားများနှင့် တိုက်ဆိုင် တင်ပြပါ့မယ်။

ဦးကုလားရဲ့ မဟာရာဇဝင်ကြီးမှာပါတဲ့ ရှင်အရဟံ အကြောင်း (လိုရင်းကိုချုံ့ရေးပါမယ်)
     မဟာရာဇဝင်ကြီး စတုတ္ထတွဲ၊ အမှတ်စဉ် ၂၄၄ မှာ ရှင်အရဟံ အကြောင်း ဒီလိုပါ ပါတယ်။
သုနာပရန္တတိုင်း၊ တမ္မဒီပတိုင်း တို့မှာ သာသနာမရောက်သေးလို့ ရဟန္တာမြတ် တို့က သိကြားမင်း ထံပန်ကြားတယ်။ သိကြားမင်းက နတ်သားတစ်ပါးကို တောင်းပန်လို့ ပုဏ္ဏေးမ တစ်ယောက်ရဲ့ဝမ်းမှာ သန္ဓေနေတယ်။ အရွယ်ရောက်၊ ရဟန်းပြု၊ ကျမ်းဂန်တတ်။ ရဟန္တာဖြစ်။ ရှင်အရဟံလို့ ကျော်ကြားတယ်။ ပုဂံမှာ သာသနာမရှိသေးလို့ သာသနာပြုရအောင် ကြွလာတယ်။ မြို့တော်နဲ့ မနီးမဝေး တောအုပ်မှာ သီတင်းသုံးတယ်။ သိကြားမင်းက မုဆိုးတစ်ယောက်ကို လှည့်ပတ်ခေါ်လာပြီး ရှင်အရဟံနဲ့ တွေ့စေ တယ်။ တွေ့တော့ ဒါမျိုးမမြင်ဘူးလို့ လူမဟုတ်၊ ဘီလူးလို့ ထင်တယ်တဲ့။ လူဆိုရင်လည်း လူရိုင်းပဲ ဖြစ်ရမယ် လို့ ယူဆပြီး ဘုရင့်ထံခေါ်သွားတယ်။ (ရဟန္တာ တစ်ပါးရဲ့ သွင်ပြင်ကို ကြည့်ပြီး ဘီလူး တို့၊ လူရိုင်းတို့ ထင်တယ် ဆိုတာ အဓိပ္ပါယ် ရှိပါသလား ခင်ဗျာ) တရားနာပြီးလို့ ဘုရင်က ကြည်ညိုလို့ ကိုးကွယ်တယ်တဲ့။
     ပြီးတော့ မင်းကမေးတဲ့အခါ ပိဋကတ် သုံးပုံ အစုံသုံးဆယ် သထုံမှာ ရှိတယ်။ သူ့လိုပဲ ရဟန္တာဖြစ်ပြီး ရဟန္တာမဖြစ်သေး အခြား သံဃာများလည်း အများအပြားရှိတယ်တဲ့။     
      ပိဋကတ် အစုံ ၃၀ ကိုတောင်းခိုင်းတယ်။ တောင်းတော့ သထုံမင်းက မပေးဘူး။ မချေ မငံ ဆက်ဆံလို့ စစ်တိုက်ယူတယ်။ (စဉ်းစားကြည့်ပါခင်ဗျာ။ ပိဋကတ် သုံးပုံ အာဂုံဆောင်နိုင်တဲ့ ရှင်အရဟံနဲ့ အခြား ရဟန္တာ အများအပြားရှိသေးရာ ပဋိကတ်သုံးပုံ စာရေးမူ ရဖို့ စစ်တိုက်ရတယ် ဆိုတာ အဓိပ္ပါယ် လုံးဝမရှိပါခင်ဗျာ)(အဲဒီစစ်ပွဲဟာ မဖြစ်ခဲ့ကြောင်း အနော်ရထာခေတ် မတိုင်မီတည်းက ပုဂံ၌ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားခဲ့သော သမိုင်းအထောက်အထားများ  မှာ ရေးပြီးပါပြီ။ )
     ရာဇဝင်ကြီးမှာ ပါတဲ့ ရှင်အရဟံ အကြောင်း အကျဉ်းက ဒီလောက်ပါ။

ရှင်အရဟံ ဘယ်ကကြွလာတာလဲ
         ရှင်အရဟံဟာ သထုံကလား၊ သီဟိုဠ်ကလား၊ မဇ္ဈမဒေသ ကလား။ ဆိုတော့. . . ဦးကုလားမှာ (မဟာရာဇဝင်ကြီး) ရှင်အရဟံ ဘယ်ဒေသက ဆိုတာမပါဘူး။ ပုဂံရာဇဝင်ကြီး မှာလဲ ရှင်အရဟံ ဘယ်က ဆိုတာ ဖော်ပြမထားပါဘူး။ ရှင်အရဟံဟာ ဘယ်အရပ်ဒေသက ကြွလာတယ် ဆိုတာ ကျောက်စာ အထောက်အထား (ရှေး/သုမှ ထုတ်ဝေပြီးသမျှ) လဲ မတွေ့ပါဘူး။
      ဒီတော့ အထောက်အထား မတွေ့သေးမျှ ရှင်အရဟံကို ဘယ်ကပါလို့ ပြောလို့မရသေးပါဘူး ခင်ဗျာ။ (အထောက်အထား သိသူများ ရှိရင် တင်ပြကြပါ)

ဒါဖြင့် ရှင်အရဟံ မရှိဘူးလား
        ရှင်အရဟံဆိုတဲ့ သာသနာပိုင် ရဟန်းတော်ကြီး ကို လှူ တဲ့အကြောင်း အလောင်းစည်သူမင်း ထိုး ကျောက်စာ ရှိပါတယ်။ ဒီတော့ ၎င်းကျောက်စာ အထောက်အထားရ ရှင်အရဟံ ရှိတယ်လို့ အဖြေထွက်ပါတယ်။ ပုဂံရာဇဝင်ကြီးမှာလဲ ရှင်အရဟံဟာ အနော်ရထာမှ အလောင်းစည်သူ ခေတ်ဦးတိုင် သက်တော်ရှည်ရဟန်းကြီး ဖြစ်ကြောင်းပါရှိပါတယ်။
       ပုဂံရာဇဝင်ကြီး မှာလဲ အန်ာရထာနဲ့ ရှင်အရဟံ လက်တွဲ သာသနာပြု တယ်လို့သာ ပါပြီး ဦးကုလားရေးသလို ထိုးဇတ်ဆန်ဆန် ဇာတ်လမ်းတွေ မပါရှိကြောင်း ပြောရင်း နိဂုံးချုပ်ပါတယ်။

ကျမ်းကိုး။      ။ ဘုန်းတင့်ကျော် = နှစ်ပေါင်းနှစ်ထောင်ကျော်ပြီ ဖြစ်သော မြန်မာသမိုင်း (၁၊၂)
                     ပုဂံရာဇဝင်ကြီး
                     ဦးကုလား =  မဟာရာဇဝင်ကြီး
(ကိုသာဝ)

Wednesday, September 25, 2013

အနော်ရထာခေတ် မတိုင်မီတည်းက ပုဂံ၌ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားခဲ့သော သမိုင်းအထောက်အထားများ



ဂါရဝပြုခြင်း
            ဤသမိုင်းဆောင်းပါးပါ ကျောက်စာ၊ ပေစာ မှတ်တမ်း အချက်အလက် အထောက်အထားများကို ပြည့်စုံစွာ စုဆောင်း ရှာဖွေ ဖော်ထုတ်ထားသည့် သမိုင်းသုတေတီ ဆရာဘုန်းတင့်ကျော်အား ရိုသေလေးစားစွာ ဂါရဝပြုအပ်ပါသည်။
မူလအမှား ဦးကုလား
ပုဂံ၌ အနော်ရထာမင်းစော မတိုင်မီ နတ်နဂါးကိုးကွယ်မှု၊ အရည်းကြီး ကိုးကွယ်မှုများသာရှိခဲ့သည်။ အနော်ရထာမင်းသည် သထုံကို အောင်နိုင်ပြီးနောက် ပိဋကတ်သုံးပုံနှင့်တကွ ရှင်အရဟံကို ယူဆောင်ကာ ပုဂံ၌ ထေရဝါဒသနာ ထွန်းကားစေခဲ့သည်ဟု ဦးကုလား ရေးသားသည့် မဟာရာဇဝင်ကြီး (အေဒီ၁၇၁၄၊ တနင်္ဂနွေမင်းလက်ထက်၊ ညောင်ရမ်းခေတ်) ၌ ဖော်ပြ ပါရှိခဲ့သည်။ ၎င်း ကို ကိုးကားသော မှန်နန်းရာဇဝင်နှင့်၊ နောက်ရေး ပုဂံရာဇဝင်များ၌လည်း ထိုသို့သာ ရေးသားခဲ့ကြ အမှတ်မှားခဲ့ကြသည်။
သမိုင်းပညာ ဆိုတာ
သမိုင်းပညာဆိုသည်မှာ ပြည်တွင်း ခေတ်ပြိုင်အထောက်ထားများ၊ ပြည်ပ ခေတ်ပြိုင်အထောက်အထားများ ရှုထောင့်စုံထောက်ခံမှု ရှိသော အချက်အလက် အခြင်းအရာ တို့ကိုသာ အမှန်သမိုင်းဟု လက်ခံမှုပြုပါသည်။ အထောက်အထား မရှိက သမိုင်းမရှိပါ (No evidence No history) ။ အထောက်အထား မပြနိုင်ပါက ရာဇဝင်စာ (ခေါ်) မှတ်တမ်း (Chronicle) ဟုသာ ခေါ်ဆိုပါသည်။ ထို ရာဇဝင်စာက ပြောသော အချက်အလက် အခြင်းအရာ တို့ကို အမှန်သမိုင်း ဟုလက်မခံပါ။ (ဘုန်းတင့်ကျော်၊ ပျူစစ်လျှင် မြန်မာ မှ)
ဆန်းစစ်ခြင်း
            ထို့ကြောင့် ဦးကုလားပြောသလို အနော်ရထာခေတ်ရောက်မှ ပုဂံသို့ ထေရဝါဒ ရောက်သည် ဆိုသော အယူအဆ အတွက် အထောက်အထား ရှာရန်လိုအပ်ပါသည်။ ထိုသို့ လိုအပ်သော ကျောက်စာ အထောက်အထားများကို ရှာဖွေ ကြည့်သောအခါ . . .
၁။         အရည်းဆိုသော စကားကို တွေ့ရပါသည်။ သို့သော် ထိုအရည်း ဆိုသည်မှာ အာရညဝါသီ တောမှီ ပုဂ္ဂိုလ်၊ တောကျောင်း ဘုန်းကြီး များသာဖြစ်ပါသည်။ ပါးစပ်ရာဇဝင်များ၌ တွင်ကျယ်နေလို (ပန်းဦးလွှတ်ခြင်း) အစ ရှိသဖြင့် ယုတ်ညံ့သော အလုပ်များလုပ်သည်ဟု အထောက်အထား မရှိပါ။ ဘုရားတည်၊ ကျောင်းဆောက်၊ ပရဟိတ အလုပ်များ လုပ်ခြင်း စသည့် ကောင်းမှုကုသိုလ်များအတွက် အလှူမှတ်တမ်း ကျောက်စာ အထောက်အထားများသာ တွေ့ရှိရပါသည်။ ထို့အပြင်  ပုဂံရာဇဝင်ကြီး ပေမူ တွင်လည်း အရည်းများ သောင်းကျန်းသောကြောင့် နှိမ်နင်းရသည် ဟု မပါရှိပါ။ (အရည်းဆရာကို တောကျောင်းဆရာ၊ ပွဲကျောင်းဆရာ များဟု မှတ်ယူရပါသည်)
၂။         အင်းဝခေတ် ပဲခူး ကလျာဏီသိမ်ကျောက်စာသည် အနော်ရထာခေတ်ထက် နှစ် ၄၀၀ ကျော် နောက်ကျ၍ ပုဂံခေတ် ခေတ်ပြိုင် အထောက် အထေက်အထား မဟုတ်ပါ။ ထို ကလျာဏီသိမ်ကျောက်စာ၌ ပုဂံနှင့်သထုံ စစ်ပွဲ ဖြစ်ခဲ့ကြောင်း မပါပါ။ အနော်ရထာမင်းစောသည် သထုံသို့ ချီတက်တိုက်ခိုက်သည် ဆိုသော အထောက်အထား မရှိ။ ကျောက်စာ မှတ်တမ်းလည်း မရှိ။ ပုဂံရာဇဝင်ကြီး ၌လည်း ထိုသို့ မဆိုပါ။ ထို့ကြောင့် ရာဇဝင်ကြီး၌ပါသော ပုဂံနှင့် သထုံ စစ်ပွဲကြီး ဖြစ်ခဲ့ကြောင်း အထာက်အထား မရှိ။ ပုဂံနှင့် သထုံ စစ်ပွဲကြီး မဖြစ်ခဲ့ပါ။
ပဲခူး ကိုးသိန်းကိုးသောင်း ဘုရားသမိုင်းတွင် ကြွမ်း (ဂျွမ်း) စစ်သည်များ (ခမာ) ဥဿာပဲခူး ကို ဝိုင်းထားစဉ် သထုံမင်း မနူဟာဘုရင်သည် ပဲခူးဘုရင်ထံ ခိုလှုံနေသည် ဟု ပါရှိပါသည်။ (အနော်ရထာမှ ကျန်စစ်သားနှင့် သူရဲကောင်းလေးယောက် ဦးဆောင်သာ စစ်တပ်ဖြင့် စစ်ကူပေးခဲ့သည်)
            ထိုစဉ်အခါက အရှေ့တောင်အာရှဒေသ၌ အင်အားကြီးမားသော ဂျွမ်းစစ်တပ်ကြီး သည် ယိုးဒယား၊ မြန်မာနိုင်ငံတောင်ပိုင်း မှသည် ပဲခူးအထိ စစ်ထိုးလာခဲ့ပါသည်။ ပဲခူးမြို့အထိ လာဝိုင်းရံထားသော ထို ခမာစစ်တပ်၏ စစ်လမ်းကြောင်းကျရာ သထုံသည် ပဲခူး မကျမှီကတည်းက ကျခဲ့သည်မှာ အထင်အရှားပင် မဟုတ်ပါလော။
            ထို့ကြောင့် ထိုစဉ်က သုဝဏ္ဏဘူမိသထုံသည် ပုဂံနှင့် စစ်ဖြစ်ခြင်း မဟုတ်ပဲ  ဂျွမ်း ရန်ကြောင့် ပျက်စီးခဲ့ခြင်းသာ ဖြစ်ပါသည်။ သထုံဘုရင် မနူဟာသည်လည်း သထုံပျက်သောအခါ ပဲခူး၌ လာရောက်ခိုလှုံနေပါသည်။ ပဲခူးကို ဂျွမ်းစစ်သည်တို့ လာဝိုင်းသောအခါ မနူဟာသည် ပုဂံဘုရင် အနော်ရထာထံ ရွှေ့ပြောင်း ခိုလှုံခဲ့ခြင်းသာ ဖြစ်ပါသည်။ အနောက်လွန်မင်းလက်ထက် လှေသင်းစုစစ်တမ်းတွင် မနူဟာမင်းသည် လှေတော်ကြီး လေးစင်းနှင့် သမီးတော်ဆက်သကာ ပုဂံသို့ခိုလှုံရောက်ရှိကြောင်း၊ ယင်းလှေတော် လေးစင်းနှင့် လှေတော်သားများကို အနော်ရထာမင်းကြီးက လှေသင်းစုတစ်စု အဖွဲ့ဖွဲ့ပေးရာမှ ဆင်းသက်လာသော လှေသင်းစုဖြစ်ကြောင်း အစစ်ခံသည့် စစ်တမ်းရှိပါသည်။
            (ကြပ်ကြပ်စဉ်းစား ကြည့်ကြပါ။ ဂျွမ်းစစ်တပ်ကြီးဟာ သထုံကို ဖြတ်သန်းပြီးမှ ပဲခူးကို ရောက်တာပါ။ ပဲခူးအထိ ဂျွမ်းစစ်တပ်ကြီး ရောက်လာမှတော့ စစ်လမ်းကြောင်းကျတဲ့ သထုံ ကျရှုံးပြီးဆိုတာ သိပ်ထင်ရှားပါတယ်။ သထုံဘုရင်မနူဟာ ကလည်း ပုဂံမှာ လာခိုလှုံခြင်းသာ ဖြစ်ပါတယ်။ )
            ထို့ကြောင့် ဗျတ်ဝိ၊ ဗျတ္တနှင့် သထုံကို အနော်ရထာစစ်တိုက်ခဲ့ခြင်း ဆိုသည်မှာ ပုံဝတ္ထုဇတ်လမ်းသာ ဖြစ်ပါသည်။ ထိုပုံပြင်ဇတ်လမ်းကို ဦးကုလားက မဟာရာဇဝင်ကြီးမှာ ဘာကြောင့်ထည့်ရေးတာလဲ။ ဘယ်ကဟာကို ဦးကုလားက ယူရေးတာလည်း ဆန်းစစ်ဖို့လို့ပါသည်။
            ဦးကုလား၏ အတ္ထုပ္ပတ္တိကို ပြန်ကြည့်သော် အဖဘက်မှ သူဌေးမျိုး။ အမိဘက်မှ အဖွားသည် ယိုးဒယား ပိဿလောက်စော်ဘွားသမီး စောဘုန်းရှိ ဖြစ်ပါသည်။ သမိုင်းသုတေသီ တို့၏ ဆန်းစစ်ချက်၊ လေ့လာချက်များအရ ဦးကုလားသည် မဟာရာဇဝင်ကြီး၌ ယိုးဒယားဘက်မှ ဇတ်လမ်းများ ထည့်ရေးခြင်းမျှသာ ဖြစ်တန်သည်။ ဦးကုလားသည် ထိုခေတ် ပွဲကျောင်းများကို နှိပ်ကွပ်လို၍ အရည်းကြီးဇတ်လမ်းများယုတ်ညံ့စေရန် သူ့အဘွား ထံမှရသော ယိုးဒယားဘက်မှ ဇတ်လမ်းကို ထည့်ရေးခြင်းသာ ဖြစ်သည်။ သထုံ ပုဂံစစ်ပွဲ ဆိုသည်မှာလည်း သူ့အဘွားဘက်မှ ရသော ယိုးဒယားဖြစ်ဇတ်လမ်းကို ထည့်ရေးခြင်း မျှသာ ဖြစ်တန်သည်။ ထို့ကြောင့် သထုံ ပုဂံ စစ်ပွဲမှ ဗျတ်ဝိ၊ ဗျတ္တ ဇတ်လမ်းများမှာလည်း ဦးကုလား၏ ရေးသားချက်သာ ဖြစ်ပါသည်။
အနော်ရထာက သထုံကိုလည်း မတိုက်၊ သထုံမှ ရှင်အရဟံနှင့် ပိဋကတ်သုံးပုံ ကြောင့်လည်း မဟုတ် ဆိုလျှင် ပုဂံသည် ထေရဝါဒဗုဒ္ဓသာသနာကို ဘယ်က ရသနည်း။
            ဟုတ်ကဲ့။ သရေခေတ္တရာ ခေါ် သီရိခေတ္တရာ မှ ရပါသည်။ ထို့ပြင် ပုဂံ၌ အနော်ရထာ မတိုင်မီ ထေရဝါဒဗုဒ္ဓ သာသနာ ရှိကြောင်း အထောက်အထားများ ကျောက်စာများ လည်း ရှိပါသည် ခင်ဗျား။
၁။ အနော်ရထာမင်း၏ ဖခမည်းတော်ကွမ်းဆော်ကြောင်ဖြူ (ကျောင်းဖြူ) မင်းကို ကျည်စိုးနှင့် စုက္ကတေး တို့မှ နန်းချပြီး အတင်းရဟန်းပြုစေကြောင်း ပုဂံရာဇဝင်ကြီး ၌လည်း ပါ ပါသည်။ ဦးကုလား ရာဇဝင်ကြီး ၌လည်း ပါပါသည်။ ရသေ့ ဝတ်စေခြင်း မဟုတ်။ ရဟန်းဝတ်စေခြင်း ဖြစ်ပါသည်။ (ဦးကုလား ကိုယ်တိုင် ရှေ့နောက်မညီ ရေးခြင်း။) ထိုမင်း (ကွမ်းဆော်မင်းကြီး) သည် ကျောင်းဖြူကြီး တစ်ဆောင် ဆောက်လုပ်လှူဒါန်းကြောင်း ပုဂံနံရံမင်စာ အထောက်အထား။ ကျောင်းဖြူကြီး ဆောက်လုပ်လှူဒါန်းသော ကွမ်းဆော်မင်းကြီး မှ ကွမ်းဆော်ကျောင်းဖြူ၊ ကွမ်းဆော်ကြောင်ဖြူ ဖြစ်လာသည်) အနော်ရထာ နန်းရသောအခါ ခမည်းတော်ရဟန်းမင်းကြီးကို “သံဃာမင်းထီး” ဘွဲ့ဆက်ကပ်ကြောင်း ဦးကုလားက ပြောထားပြန်ရာ ရှင်အရဟံမရောက်မီကတည်းက ပုဂံ၌ ထေရဝါဒ သံဃာရှိကြောင်း ပေါ်ပေါက်နေပြန်သည်။
၂။ စောရဟန်းမင်းသည် တုရင်တောင်ထက်မှာ သိမ်တစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ၎င်း သိမ်ပျက်သဖြင့် ဥဇနာမင်း (အေဒီ ၁၂၁၂ ခုနှစ်) လက်ထက်တွင် ပြန်လည်ပြုပြင် ဆောက်လုပ်စေသော ကျောက်စာ အထောက်အထားရှိပါသည်။ အသောက တတိယ သင်္ဂါယနာတင်ပြီးနောက်ပိုင်း မဟာယာနမှာ သိမ်ဝင်ခြင်း မရှိ။ သံဃာမရှိ။ ရသေ့ကြီးများသာ ရှိပါသည်။
(ဟုတ်ကဲ့၊ သိမ်ဆိုတာ ထေရဝါဒ မှာပဲ ရှိတာပါ။ သိမ်သမုတ်တယ်ဆိုတာ ထေရဝါဒ ရဟန်းတွေပဲ လုပ်လို့ရတာပါ။ အနော်ရထာက (အေဒီ ၁၀၄၄) မှာ မင်း ဖြစ်တယ်။ ဒီတော့ စောရဟန်းမင်း လက်ထက်ကတည်းက သိမ်ရှိနေလို့ အနော်ရထာ မမွေးမီကတည်းက ပုဂံမှာ ထေရဝါဒ ရှိနေကြောင်း သိပ်ကို ထင်ရှားတဲ့ အထောက်အထား ပေါ့ဗျာ)


ပုဂံ ဘယ်က စသလဲ (သိရိခေတ္တရာ ခေတ်မှ ပုဂံခေတ်သို့)
အေဒီ ၁ ရာစုအကုန် ၂ရာစု အစလောက်မှာ သရေခေတ္တရာ ပျက်တယ်။ (မင်းနေပြည်တော် ပျက်တာပါ) အေဒီ ၁၀၇ (အေဒီ ၂ ရာစု အစ)မှာ သရေခေတ္တရာမင်းရဲ့တူ သမုဒ္ဒရာဇ်မင်းက ယုန်လွှတ်ကျွန်း၊ ပြူဂါမ (ပျူဈေးမြို့) ဆိုတဲ့ အရပ်မှာ ပထမ ပုဂံမင်းနေပြည်တော် ကို စတည်ထောင်တယ်။ အရိမဒ္ဒနပူရ ဆိုတဲ့ အမည်နဲ့ပါ။
အေဒီ ၃၄၄ (သက္ကရာဇ် ၂၆၆) မှာ နန်းတက်တဲ့ သေဉ်လည်ကြောင်မင်းက လောကနန္ဒာအရပ်မှာ သီရိပစ္စယာ အမည်နဲ့ ဒုတိယ ပုဂံမြို့ကို တည်ထောင်တယ်။
အေဒီ ၅၁၆ (သက္ကရာဇ် ၄၃၈) မှာ နန်းတက်တဲ့ သိုက်တိုင်မင်းက သမထီး အရပ်မှာ တတိယ ပုဂံမြို့ ဖြစ်တဲ့ တမ္မဝတီ မြို့ကို တည်ထောင်ပါတယ်။
အေဒီ ၈၄၆ (သက္ကရာဇ် ၂၀၈) မှာ နန်းတက်တဲ့ ပျဉ်ပြားမင်းက နန်းတက်လို့ ၃နှစ်အကြာ အေဒီ ၈၄၉ မှာ ယခု ပုဂံကို တည်ခဲ့တယ်။ အမည်ကိုတော့ ပထဆုံးပုဂံရဲ့ အမည် ရန်အပေါင်းကို အောင်မြင်သော ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ အရိမဒ္ဒနပူရ လို့ပဲထပ်ပေးတယ်။
            အရိမဒ္ဒန၊ သီရိပစ္စယာ၊ တမ္ပဝတီ၊  ဆိုတဲ့ ပုဂံမင်းနေပြည်တော် အမည်တွေကို ကြည့်ပါ။ မွန်နာမည်လည်း မဟုတ်ပါဘူး။ မဟာရာနလို့ ပြောရအောင် သက္ကတ အမည်လည်း မဟုတ်ပါဘူ။ ထေရဝါဒ မှာသာ သုံးတဲ့ ပါဠိ အမည်စစ်စစ်ကြီးတွေ ဖြစ်ပါတယ်။ ဒါဟာလည်း အနော်ရထာမတိုင်ခင် ကတည်းက ထေရဝါဒ ရှိနေတဲ့ အထောက်အထားပါ။ (ဘုန်းတင့်ကျော်)
            သရေခေတ္တရာ ပျက်ပြီး ပုဂံ ဖြစ်လာတယ်။ ပုဂံ ဟာ သရေခေတ္တရာဆီက ထေရဝါဒ ဗုဒ္ဓသာသနာကို ရခဲ့တယ် လို့ ပြောခဲ့ပါတယ်။ ဒီတော့ သရေခေတ္တရာမှာ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားခဲ့ကြောင်း အထောက်အထား ပြရပါတော့မယ်။
၁၉၂၆ ခုနှစ်၊ မြန်မာနိုင်ငံ ရှေး/သု အရာရှိ ချားဒူးရွိုင်ဇယ် လက်ထက်မှာ သရေခေတ္တရာမြို့ဟောင်း ဦးခင်ဘ ယာခင်းအတွင်းရှိ စေတီငုတ်တိုကို တူးဖေါ်ရာ ရွှေပေချပ် အချပ်၂၀ ရရှိခဲ့သည်။ ထိုရွှေပေချပ်များ ပေါ်မှာ ဗုဒ္ဓခေတ်နှင့် အသောကခေတ်သုံး ဗြဟ္မီပွား အက္ခရာများဖြင့် ထေရဝါဒဆိုင်ရာ (သုတ်၊ ဝိနည်း၊ အဘိဓမ္မာ) ကောက်နှုတ်ချက်များ ရေးထိုးထားပါသည်။


သရေခေတ္တရာတွင် အခြား ထေရဝါဒဆိုင်ရာ သာသနိက အဆောက်အဦး၊ စေတီပုထိုးများ၊ အုတ်ခွက်ဘုရားများ စသဖြင့် အထောက်အထားများစွာရှိပါသည်။ (ဘောဘော၊ ဘဲဘဲ၊ ဘုရားမာ၊ ပြည်ရွှေဆံတော်) သရေခေတ္တရာ မြို့ဟောင်း မြို့တံခါးဝ မှာပင် ထေရဝါဒဂိုဏ်း ကသာ သုံးပြီး၊ မဟာယာနက မသုံးသော ပါဠိဘာသာဖြင့် ရေးထိုးထားသော မောရသုတ်၊ မင်္ဂလသုတ် ကျောက်စာတိုင်၊ အခြား တစ်ဘက်၌ ရတနာ့သုတ် ကျောက်စာတိုင် များကို တွေ့ရှိချက်အရ သရေခေတ္တရာသည် ထေရဝါဒ ပျူမြန်မာနိုင်ငံတော်ဖြစ်သည်။
ထို သရေခေတ္တမှ ထေရဝါဒ ပျူမြန်မာတို့ တည်ထောင်သော ပုဂံသည် ထေရဝါဒ ပုဂံနိုင်ငံတော်သာဖြစ်ပါသည်။ သရေခေတ္တရာမင်း၏ တူတော်စပ်သော ပုဂံကို စတည်ထောင်သည့် သမုဒ္ဒရာဇ်မင်း မှ စရေတွက်သော် စောမွန်နစ် အထိ ပုဂံမင်းဆက် ၅၅ဆက် ဖြစ်သည်။ (သင်ပုန်းကြီးဋီကာ၊ ဇာတာတော်ပုံ၊ ) အနော်ရထာသည် ၄၂ယောက်မြောက် မင်းဖြစ်သည်။ ထို ၄၂ ယောက်မြောက် အနော်ရထာမတိုင်မီ ၃ယောက်မြောက် ပျူစောထီး မင်းလက်ထက် က တည်ထားခဲ့သည့် ဗူးဘုရား ဌာပနာ တိုက်အတွင်းမှ အေဒီ ၃ရာစု အုတ်ခွက်ဘုရားများ တွေ့ရှိခဲ့ပါသည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် ပုဂံသည် ထိုခေတ်ကတည်းက ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားနေပြီး ဖြစ်လေသည်။
ပုဂံနိုင်ငံတော်သည် အနော်ရထာမင်း (အေဒီ ၁၀၄၄) မတိုင်မီကတည်းက ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ကြာင်း အထက်ပါ အထောက်အထားများက သက်သေခံလျက် ရှိပေသည်။


အေဒီ ၁၆၇ ခု နန်းတက်သော ပုဂံမင်း ပျုမင်းထီး/ ပျူစောထီး မင်း၏ ကောင်းမှု ဗူးဘုရား 


ကျမ်းကိုး။            ။ ဘုန်းတင့်ကျော်၊ နှစ်ပေါင်းနှစ်ထာင် ကျော်ခဲ့ပြီဖြစ်သော မြန်မာသမိုင်း (၁၊ ၂)
             ဘုန်းတင့်ကျော်၊ ပျူစစ်လျှင်မြန်မာ
             ဦးကုလား၊ မဟာရာဇဝင်ကြီး
(ကျောက်စာတွေ အထိ ရှာဖွေဖတ်ချင်သူများအတွက် တိုင်းရင်းမြန်မာ ကျောက်စာများ (ငါးတွဲ)၊ ပုဂံရာဇဝင်ကြီး၊ သင်ပုန်းကြီးဋီကာ၊ သက္ကရာဇ်များအတွက် ဇာတာတော်ပုံကျမ်း၊ ရာဇဝင်ချုပ် စသဖြင့် ကျမ်းကိုး ပေးပါတယ်)
(ကိုသာဝ)

Saturday, September 21, 2013

ဗုဒ္ဓခေတ်မတိုင်မှီက ချမ်းသာကို ရှာဖွေသူတို့အကြောင်း တစေ့တစောင်း

သမိုင်းပညာရှင်များ အဆိုအရ မဇ္ဈိမဒေသတွင် ကိုးကွယ်ယုံကြည်မှု အလိုက် ခေတ်များသည် ဝေဒခေတ်၊ ဗြာဟ္မဏခေတ်၊ အာရညခေတ်၊ ဥပနိသျှဒ်ခေတ်၊ တတ္ထိယခေတ်၊ ဗုဒ္ဓခေတ် ဟူ၍ အစဉ်တိုင်း (အချို့ကခေတ်ပြိုင်လျက်) ဖြစ်ပေါ်လာ ကြ၏။
          ဝေဒခေတ်တွင် နတ်များကို ကိုးကွယ်ယုံကြည်ကြသည်။ ဝေဒကျမ်း လေးပုံ ရှိ၏။ ၄င်းတို့မှာ
၁) ရိက်ဝေဒ (နတ်များ၏ ဘုန်းတော်ဘွဲ့ကို ဖော်ပြသောကျမ်း)
၂) ယဇုဝေဒ (နောက်ပိုင်း နတ်များ၏ ဘုန်းတော်ဘွဲ့ကို ရွတ်ဆို ပူဇော်ရုံနှင့် မပြီးပဲ လှူဖွယ်ပစ္စည်းများနှင့် လှူဒါန်း ပူဇော်လာကြသည်။ ထို ယဇုဝေဒသည် များပြားလှသော နတ်အလိုက်၊ အခမ်းအနားအလိုက် ပူဇော်မှု စည်း စနစ်တကျ ဖြစ်ရေးအတွက် ပူဇော်ပုံ၊ ပူဇော်နည်း များကိုဖော်ပြ ထားသော ကျမ်းဖြစ်သည်။ ယဇု ၏အနက်မှာ ပူဇော်ခြင်း (ယဇ်) ဖြစ်သည်။) တကယ်တော့ ယဇ် ဆိုတာ ပူဇော်ခြင်း ပါပဲ။
၃) သာမဝေဒ (တေးဂီတ ကိုပြောတာပါ။ အထက်က စွန့်ကြဲလှူဒါန်းမှု သဘော ပိုထက်သန်လာအောင်၊ စေတနာ ပိုထက်သန်လာအောင်၊ စိတ်ကြည်နူး လာအောင် နတ်များ ပူဇော်ပွဲအတွက် ငြိမ်းညောင်းသာယာတဲ့ တေးဂီတ များကို ဖော်ပြတဲ့ ကျမ်းပါ။ သာမရဲ့ အနက်က တေးဂီတပါ)
၎) အထဗ္ဗဝေဒ ( တေးဂီတက တဆင့် အသံရဲ့ တန်ဖိုးကို သိလာကြပါတယ်။ အသံကို ဌာန်၊ ကရိုဏ်း၊ ပယတ် သို့မဟုတ် တုန်ခါနှုန်း တို့ဖြင့် မှန်ကန်စွာ ထွက်ပေါ်လာရင် လိုအပ်တဲ့ အကျိုးကို ပေးစွမ်းတယ်လို့ ယုံကြည်ကြတယ်။ အဲ့ဒီ အသံကို ဂါထာရွတ်တယ်၊ မန္တန်စုတ်တယ် စသဖြင့် အသုံးပြုကြပါတယ်။ သူက ရှေး ဝေဒ သုံးပုံနှင့် မတူပဲ ဂါထာ မန္တရား များ ပါဝင်လာပါတယ်)
          ဗြာဟ္မဏခေတ် ကိုးကွယ်ယုံကြည်မှုကို ယဇ်ပူဇော်ကိုးကွယ် မှု လို့ ခေါ်ကြပါတယ်။ ဝေဒ စာပေဟာ လေးပုံ ရှိသလို အဲ့ဒီ ဝေဒလေးပုံကို ယဇ်ပူဇော်မှု ရှုထောင့် အသီးသီးက အကျယ်ဖွင့်ဆိုပြီး ဗြာဟ္မဏစာပေ ဟာ လေးစု ဖြာ ထွက်လာခဲ့တယ်။ အဲဒီခေတ်ကို ဗြာဟ္မဏခေတ် လို့ ခေါ်ပါတယ်။ ဖြာထွက်ပုံကတော့ . . .
          ရိုက်ဝေဒ မှ အဲတရဲယဗြာဟ္မဏကျမ်း၊ ကော်သိတကိ ဗြာဟ္မဏကျမ်း။
          ယဇုဝေဒ မှ သတပထ ဗြာဟ္မဏကျမ်း၊ တဲတိရိယ ဗြာဟ္မဏကျမ်း။
          သာမဝေဒ မှ တာဏ္ဋျ ဗြာဟ္မဏကျမ်း၊ ဇဲမိနိယ ဗြာဟ္မဏကျမ်း၊ ဆဗ္ဗိသ ဗြာဟ္မဏ ကျမ်း။
          အထဗ္ဗဝေဒ မှ ဂေါပထ ဗြာဟ္မဏကျမ်း။
တို့ ဖြစ်ပါတယ်။ (အဲ့ဒီတုန်းက ယဇ်ပူဇော်မှုဟာ ဘယ်လောက်ကြီးကျယ် ခမ်းနားတယ်၊ တတ်နိုင်သလို ဘယ်လောက်ချဲ့ကြလဲ ဆိုတော့ ပသေန ဒီ ကေလာသလမင်းကြီးဟာ ဥသဘ ငါးရာ၊ နွားထီးငယ် ငါးရာ၊ နွားမငယ် ငါးရာ၊ ဆိတ်ငါးရာ၊ သိုး ငါးရာ တို့ကို ယဇ်ပူဇော်ပသခြင်း အလို့ငှာ ဖွဲ့ချည်ဆောင်ထား အပ်ကုန်၏။ ထိုမင်း၏ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ အစေအပါး၊ အလုပ်သမား တို့သည်လည်း ဒဏ်ဖြင့်ခြိမ်းခြောက် အပ်ကုန်၏။ ဘေးဖြင့် ခြိမ်းခြောက်အပ်ကုန်သည် ဖြစ်၍ မျက်ရည်ဖြင့် ပြည့်သောမျက်နှာ ရှိကုန်လျက် ငိုးကြွေးကာ အမှုကိစ္စတို့ကို ပြုကုန် ၏ လို့ သံယုတ္တနိကာယ်၊ ကောသလသံယုတ်၊ ယည သုတ်မှာ ဖော်ပြထားပါတယ်။)

အာရညခေတ် ဆိုတာ တောပျော်ခေတ်ပါပဲ။ အာရညဝါသီ တောမှီပုဂ္ဂိုလ်ရယ်လို့ ကြားဖူးကြမှာပါ။ ပုဂံခေတ်က အရည်းကြီးဆိုတာ အာရညဝါသီ ကနေ အရည်းလို့ ဖြစ်လာတာပါ။  ယဇ်ဆရာကြီးတွေဟာ ရှုပ်ထွေးနက်လှတဲ့၊ အတိမ်းအစောင်း အမှားမခံတဲ့ ယဇ်ပူဇော်မှုအတွက် ပညာတွေကို ခက်ခဲပင်ပန်းစွာ၊ သင်ယူ၊ ကျင့်ကြံကြရတယ်။ နုပျိုသန်မာတဲ့ ဘဝတစ်လျှောက်လုံးကို ရင်းနှီးမြှုပ်နှံကြရတယ်။ သူတို့ အသက်ကြီးရင့်တဲ့ အခါမှာလည်း တပည့်တွေကို ဆရာတစ်ဆူအဖြစ် ပညာပြန်လည် သင်ကြားပေးရပြန်ပါတယ်။ ဗြာဟ္မဏတွေဟာ ယဇ်ပူဇော်မှု သက်သက်ကိုသာ (ဘလိုင်းပူဇော်တာတော့ မဟုတ်ပါဘူး။ ဗေဒင်၊ နက္ခတ်၊ အချိန်အခါ စတာတွေကို စနစ်တကျ တွက်ချက်ပြီး လုပ်ကြတာပါ) ဦးစားပေး အချိန်ကုန်ပြီး လူ့ဘဝ နေဝင်ချိန်ကို ရောက်လာတဲ့အခါ တောအရပ်ကို ချဉ်းကပ်ကြပါတယ်။
သူတို့ဟာ တောအရပ်မှာ ယဇ်ကိုလည်း ပူဇော်ကြတယ်။ သမထ ကိုလည်း ပွားကြတယ်။ တောထဲမှာ ယဇ်ပူဇော်စရာ ပစ္စည်းဝတ္ထု၊ ငွေကြေး ရှားပါးခက်ခဲတဲ့အတွက် (ပြတီက) လို့ခေါ်တဲ့ ရည်ညွှန်းပူဇော်ခြင်းကို ပြုလုပ်ရာမှ ရရှိလာတဲ့ နည်းသစ်ကို သမထ လို့ခေါ်တာပါပဲ။ ဥပမာ- အဿမေဓ ခေါ် မြင်းယဇ် ပူဇော်မယ်ဆို ပူဇော်စရာ မြင်းမရှိပါဘူး။ အဲ့ဒီအခါ မြင်းနဲ့ အာကာသကို မတူ တူအောင် စဉ်းစားလာရပါတယ်။ အာကာသကို မြင်းခေါင်း၊ နေနှင့်လကို မြင်းကို မျက်လုံး၊ လေကို မြင်းရဲ့ အသက်၊ မြေကို မြင်းရဲ့ ခန္ဓာကိုယ် စသည်ဖြင့် မြင်းနှင့် အာကာသကို မတူ တူအောင် စဉ်းစားရာမှာ ကသိုဏ်းပေါက်ပြီး သမာဓိ အားကောင်းလာပါတယ်။ သမာဓိဟာ အပ္ပနာ အဆင့်ကိုရောက်ပြီး ဈာန်အဘိညဉ်အဖြစ် တိုးတက်လာပါတယ်။ အာရညခေတ်ဟာ တောပျော်ရသေ့တို့ရဲ့ ဈာန်သမာပတ် ခေတ်ဖြစ်ပါတယ်။
ဗြာဟ္မဏတွေရဲ့ ခေတ်ထဲမှာ ပဲ ကဏ္ဍ နှစ်ခု ရှိပါသေးတယ်။ ဉာဏကဏ္ဍ နဲ့ ကမ္မကဏ္ဍပါ။ ဒဿနပိုင်းနဲ့ အလုပ် ပိုင်းလို့ ပြောလို့ရပါတယ်။ ပထမပိုင်းမှာ အလုပ်ပိုင်း (ကမ္မကဏ္ဍ) ဖြစ်တဲ့ ယဇ်ပူဇော်မှုဟာ အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဒဿနပိုင်းကတော့ မှိန်နေခဲ့ပါတယ်။ အထွတ်အထိပ် ရောက်ပြီးနောက် ဓမ္မတာအတိုင်း အထွတ်အထိပ်နေရာက လျှောဆင်းခဲ့ရပါတယ်။ အဲဒီလိုလျှောဆင်း လာရခြင်းဟာ အတွေးအမြင် အသစ်တရပ် ပေါ်ပေါက်လာခဲ့လို့ပါ။ အဲ့ဒီ အတွေးမြင်သစ်တစ်ရပ်နဲ့ ကဏ္ဍသစ် ဖွင့်လှစ်လိုက်ခြင်းကို ဥပနိသျှဒ်ဝါဒ (ဝါ) ဥပါနိသျှဒ်ခေတ် ဖြစ်ပါတယ်။
ဗြာဟ္မဏခေတ် (ဝါ) ကမ္မကဏ္ဍမှာ “လောကတွင် ယဇ်၏ လျှို့ဝှက်ချက်ဖော်ထုတ်ကာ ပူဇော်ခြင်းလုပ်ငန်းမှတစ်ပါး အခြားယုံကြည်စရာ မရှိ” လို့ယုံကြည်ပါတယ်။
ဥပနိသျှဒ်ခေတ် မှာတော့ “ လောကတွင် ဗြဟ္မာ သို့မဟုတ် အတ္တကို သိသည့် အသိဉာဏ်သည်သာ အရာရာကို အဆုံးအဖြတ်ပေးသည် ” လို့ ယုံကြည်လာကြပါတယ်။ ဉာဏကဏ္ဍဟာ နောက်ပိုင်း ဒဿနကျမ်း များရဲ့ ရေသောက်မြစ် ဖြစ်ပါတယ်။
တိတ္ထယ ဆိုတာ တိတ္ထိပုဒ်နှင့် ဣယ ပစ္စည်းတို့ ပေါင်းစပ်ထားတာဖြစ်တယ်။ တိတ္ထိပုဒ်ရဲ့ အနက်က “အယူဝါဒ”။ ဣယ ပစ္စည်းရဲ့ အနက်က “ရှိသူ”။ ဒီတော့ တိတ္ထိယဆိုတာ အယူဝါဒ ရှိသူ ဖြစ်တယ်။ ဒီနေရာမှာ အယူဝါဒ ရှိသူဆိုတာ မိမိတို့ရဲ့ ကျင့်စဉ်များနှင့် အယူဝါဒများကို လွတ်လပ်စွာ ထူထောင်ကြသူများ ဖြစ်တယ်။ သူတို့ရဲ့ အကျင့် (ကျင့်စဉ်) ကတော့ “ တပ ” ခေါ် ပြင်းထန်တဲ့ အကျင့်များပဲ ဖြစ်ပါတယ်။ ကျင့်စဉ်များ အနေနဲ့ ကတော့ ကာမသုခလ္လိကာ ကျင့်စဉ်နဲ့ အတ္တကိလမထ ကျင့်စဉ် ဆိုပြီး နှစ်မျိုးရှိပါတယ်။
ကာမသုခလ္လိကာ ကျင့်စဉ်ဆိုတာ (ကာမသုခ = ရလိုသော ချမ်းသာ + အလ္လိက = တမ်းတမ်းစွဲ) ရလိုသော ချမ်းသာသုခကို မရမနေ တမ်းတမ်းစွဲ ကျင့်တဲ့ ကျင့်စဉ်ဖြစ်ပါတယ်။ အကျဉ်းချုပ် ပြောရရင်တော့ “ ရယူရေး” ကျင့်စဉ်ပါ။
အတ္တကိလမထ ကျင့်စဉ် ကတော့ ( အတ္တ = ခန္ဒာကိုယ် + ကလမထ = ညှဉ်းပန်းခြင်း) မမိ၏ ခန္ဓာကိုယ်ကို ညှဉ်းပန်း တဲ့လမ်းစဉ် ဖြစ်ပါတယ်။ အကျဉ်းချုပ်ကတော့ စွန့်လွှတ်ရေး လမ်းစဉ် ဖြစ်ပါတယ်။ ဒါပေတဲ့ မျက်ကန်းစွန့်လွှတ်ရေး ဆိုတာမျိုး ဖြစ်နေပါတယ်။
အကျဉ်းနိုင်ဆုံး အကျဉ်း ပြောရတာဖြစ်ပါတယ်။ သူတို့အားလုံးဟာ ခံယူချက်၊ ဝါဒ၊ အကျင့် ကွဲပြားမည် ဖြစ်သော်လည်း သူတို့ ခေတ်အလျောက် ချမ်းသာကို ရှာဖွေကြတာ ဖြစ်ပါတယ်။ တနည်း (မအို၊ မနာ၊ မသေ) ကိုရှာ ဖွေကြတာပါ။ မရကြပါဘူး။
(ဆက်ပါဦးမယ်)
(ဆရာကြီးဦးရွှေအောင်၏ ဝေဒခေတ်မှ ဗုဒ္ဓခေတ်တိုင်တောင် အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ် စာအုပ်မှ ကိုးကားသည်)

သမိုင်းဆိုင်ရာ

သမိုင်း အကြောင်း ပြောရန်