Sunday, October 13, 2013

ပအိုဝ်း တွေပြောတဲ့ ပျူ အကြောင်း

ပအိုဝ်း တွေပြောတဲ့ ပျူ အကြောင်း



ရှေး ရာဇဝင်တွေကို လက်လှမ်း မမီနိုင်တဲ့ ဝါသနာရှင် တွေနဲ့ လူငယ်တွေအတွက် ရည်ရွယ်ပါတယ်။ ပျူရာဇဝင် ၁၂စောင်တွဲမှာ ပျူ (၁၂) ပြည်ထောင် ရှိတယ်လို့ ဖော်ပြ ပါတယ်။ ၎င်း ပျူရာဇဝင် ၁၂စောင်တွဲက ရှားပါး သွားပြီ ဖြစ်လို့ ပအိုဝ်းလူမျိုးတွေက အဲ့ဒီ ပျူရာဇဝင် ကိုလက်ခံကြောင်း ရေးသားထားတဲ့ ပြည်ထောင်စု ထဲက ပအိုဝ်း စာအုပ်ထဲက ကောက်နှုတ် တင်ပြပါ့မယ်။ 


အောက်ပါ ပုံကတော့ ပျူ ၁၂ ပြည်ထောင် ရှိကြောင်း ဖော်ပြချက်ပါ။
အဲ့ဒီ ပျူ ပြည်ထောင် ၁၂ ပြည်ထောင်ကတော့
           ၁။ အေလိုပျူ

၂။ ဟန်လင်းပျူ
၃။ ကချင်ပျူ
၎။ ချင်းပျူ
၅။ အစီရီပျူ
၆။ မြန်မာပျူ
၇။ ကံဖိုးစပျူ
၈။ ကိုင်းရယ်ပျူ
၉။ ကလောက်ဂေးပျူ
၁၀။ တိမ်မယ်ပျူ
၁၁။ မော်ဇာပျူ
၁၂။ တနင်္သာရီပျူ
တို့ ဖြစ်ပါတယ်။

နောက်တစ်ခုက ဘယ်ရှေးမြန်မာ ရာဇဝင် တွေမှာမှ ပျူလူမျိုးတွေ မျိုးတုန်းပျောက်ကွယ် သွားတယ်လို့ မရေးပါဘူး။ ဒါပေမယ့်  “AD 832 မှာ နန်ချောင်က တိုက်လို့ ပျူတွေ အကုန်မျိုးပြုတ် ကုန်တယ်။ မြန်မာပြည် အလယ်ပိုင်းဧရာဝတီမြစ်ဝှမ်း ပျူတို့ရဲ့ ဒေသမှန်သမျှ ဟာနေသူမယ့် လစ်လပ်နေရာကြီး (vacuum) ဖြစ်သွားတယ်။ ” အဲ့သလို G.H Luce ကသူရဲ့ ကျောက်ဆည် စာတမ်း (Old Kyaukse And The Coming of The Burmans; 1959) မှာရေးခဲ့တယ်။
ဒါကိုပအိုဝ်းလူမျိုးတွေကလက်မခံကြောင်းလဲသူတို့ရဲ့ ပြည်ထောင်စုထဲကပအိုဝ်းထဲမှ ရေးထားတာ
တွေ့ရတယ်။ 


(ချင်းအမျိုးသားဆရာကြီး ပျူရှိန်းဂေရှိန်းကလဲ ပျူလူမျိုးတွေ မျိုးတုန်းပျောက်ကွယ် သွားတယ်ဆိုတာကို လုံး ဝ လက်မခံပါဘူး။ ဒါကိုနောက်မှ သပ်သပ် တင်ပြပါ့မယ်)
ရည်ရွယ်ချက်ကတော့ ရာဇဝင်က ပြောသလို ပျူ ၁၂ ပြည်ထောင် ရှိတယ် ဆိုတာ တကယ်လား။ သက်သေပြနိုင်ဖို့ မြေပေါ်မြေအောက် သုတေသန တွေလုပ်နေပြီလား။ ဘယ်လို သုတေသီတွေက လုပ်နေပြီး၊ သုတေသန ရလာဒ်တွေ ဘယ်လိုရှိသလဲ။ ပညာရှင် မဟုတ်တဲ့ ဝါသနာရှင်တွေ သိနိုင်ဖို့ရော ဘယ်လို စာတမ်း တွေကို ကြည့်ရမှာလဲ။ ဒါကတော့ ရှေးရာဇဝင် တွေနဲ့ ပတ်သက်လို့ပါ။
နောက် တစ်ခုက လုစ် ပြောတာကို ဘာလို့ လက်မခံ နိုင်ကြရတာလဲ။ လုစ်က ဘာ အထောက်အထား ရှိလို့ ဒီလို ပြောရတာလည်း၊ စသဖြင့် ဆက်လက် ဆန်းစစ်နိုင်စေဖို့ပါ။ 
(ကိုသာဝ)

Friday, October 11, 2013

ရာဇဝင်ထဲက ပျူမြန်မာ



ရာဇဝင်ထဲက ပျူမြန်မာ
          “ပျူဟာမြန်မာ မြန်မာဟာပျူ။ ပျူစစ်လျှင် မြန်မာ ” ဆိုတာအခုခေတ် ခရစ်နှစ် ၂၀၀၀ ကျော်မှ ခေတ်စားလာတဲ့ စကားလား။ ရှေးရှေးတုန်းကတည်းကရှိတာလား။ ကိုလိုနီခေတ် မတိုင်မီရှေးမြန်မာရာဇဝင်တွေ ကရောဘယ်လိုပြောသလဲ။ လက်လှမ်းမီသလောက် ရှာဖွေကြည့်တော့ အောက်ပါစာအုပ် ကိုသွားတွေ့ပါတယ်။ 

          အရိယဝံသ အရှင်အာဒိစ္စရံသီ မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး (အေဒီ ၁၇၆၆-၁၈၃၄)  ပြုစုတဲ့ စေတိယကထာ မည်သော ရာဇဝင်ချုပ် ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ် ဘကြီးတော် စစ်ကိုင်းမင်း (၁၈၁၉-၁၈၃၇) လက်ထက်မှာရေးသားခဲ့တာ ဖြစ်ပါတယ်။ ၁၈၂၄ မှာ ရေးသားပြုစုပြီး မှန်နန်းရာဇဝင်ထက် ၉နှစ်တာမျှ စော၍ ပြီးစီးခဲ့ပါ သတဲ့။ ခေတ်အဆက်ဆက်မှာ နန်းတက်ခဲ့ကြတဲ့ ဘုရင်များရဲ့ နန်းတက်သက္ကရာဇ် နှင့်တကွ ၎င်းဘုရင်တွေ တည်ထားခဲ့တဲ့ စေတီတော်များသမိုင်းအကျဉ်းမို့ “စေတိယကထာမည်သောရာဇဝင်ချုပ်” လို့ ကျမ်းပြုဆရာတော်က အမည်ပေးထားတာပါ တဲ့။ (ဦးကျော်ငြိမ်း၊ ညွန်ကြားရေးမှူး (ငြိမ်း) ၊ သမိုင်းသုတေသနဦးစီးဌာန၊ မြန်မာ့သမိုင်းကော်မရှင် အဖွဲ့ဝင် ၏ အမှာစာမှ )
          ဆရာတော်ကသုနာပရန္တတိုင်း၊ တမ္ပဒီပတိုင်း၊ ရှေးကျလှတဲ့ ဟံလင်းရာဇဝင် အစမှာဟော့ဒီလို ပြထားပါတယ်။

          ကမ္ဘာဦးက ဗြဟ္မာ၊ နတ်တို့ အနွယ်ကလာသည်။ ဗြဟ္မာ၊ နတ်တို့ကိုကိုးကွယ်လေ့ ရှိသောကြောင့် ဗြဟ္မာမျိုးဟူ၍ ခေါ်ကြလေကုန်၏။ ရှည်လျားသောကာလ ဗြူဟူ၍ လည်းကောင်း၊ မြန်မာဟူ၍ လည်းကောင်းတွင်ပြန်လေ၏။
          ထိုဗြဟ္မာမျိုး၊ ဗြူမျိုး၊ မြန်မာမျိုးဟု ဆိုအပ်သော သုနာပရန္တတိုင်းအပြင်၌ မန္ဓာတုဟူသော စကြာမင်း မရှိသည့်နောက် တိုင်းနိုင်ငံထောင်ထားကြ၍ ဇမ္ဗူဒီပါ ကျွန်းအပြင်၌ အသီးသီးမင်းမူကြသော ကာလ မနုဇန္ဒသမ္မတမင်းကြီးသည် ဟံသာနာဂရ မည်သောဟံလင်း မြို့ကြီးကိုတည်၏။
          အထက်ပါ အထောက်အထားအရ မုံရွေးဇေတဝန်ဆရာတော်ဘုရားကြီး ကလည်း ဟံလင်းရာဇဝင်ပါ အတိုင်း မြန်မာနှင့်ပျူ အတူတူလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ (ကုန်းဘောင်ခေတ်ကတည်းကမုံရွေးဇေတဝန် ဆရာတော်ဘုရားကြီးအရှင်အာဒိစ္စရံသီမှ မြန်မာနဲ့ ပျူ အတူတူလို့ ပြောခဲ့တဲ့ အထောက်အထားပါ)
          ပုဂံရာဇဝင်ကြီးပေမူမှာလည်း“သရေခေတ္တရာ ပြည် အရပ်၌ ကြွင်းသောမြန်မာဟူသော ပြူတို့”၊  “မြန်မာဟူသည်ကား ပျူ့သား ပျူ့မြေးတည်း” ဟုလည်းကောင်းဖော်ပြပါရှိပါတယ်။
ဒီဆောင်းပါးကတော့ သမိုင်းနဲ့ အလှမ်းကွာတဲ့သူတွေ၊ ရှေးမြန်မာရာဇဝင်တွေနဲ့ အလှမ်းဝေးတဲ့ လူငယ် တွေ၊ ဝါသနာရှင်တွေကိုရည်ညွှန်းပါတယ်။ ရှေးရာဇဝင်တွေမှာ ဒါတွေဒီလိုပါတယ် ဆိုတာကို knowledge ပေးချင်တာ ဖြစ်ပါတယ်။ ဒီတော့ကာ ပျူစစ်လျှင်မြန်မာ ဆိုတာ ရှေးအတီအတေ ကတည်းက မြန်မာရာဇဝင်မှာပါကြောင်း ဆိုတာကိုသိစေအပ်ပါတယ်။ 
AD 1912 နောက်ပိုင်းမှ ပျူဟာ မြန်မာနဲ့ မတူလို့ လုပ်ကြံခံရ ကြောင်းကိုတော့ ပျူ ဟာ မြန်မာနဲ့ မတူပါလို့ မှားယွင်းစေခဲ့တဲ့ သမိုင်းတရားခံများ မှာ ဖော်ပြပြီးပါပြီ။ 
(သမိုင်းပညာကတော့ ရာဇဝင်ပါ အချက်အလက်များကိုသံသယနဲ့ ကြည့်ပါတယ်။ ၎င်း ရာဇဝင်ပါ အချက်အလက်များဟာ ဘယ်လောက်အထိ အမှန်သမိုင်း ဖြစ်ပါတယ်ဆိုတာကို သုတေသနပြုပြီးပြည်တွင်း ပြည်တွင်း ပြည်ပ အထောက်အထားများနဲ့ ထုတ်ဖော်ရတာ ဖြစ်ပါတယ်။ ပျူမြန်မာသမိုင်းကို စိတ်ဝင်စားသူများ ဟာ(လူငယ်များ၊ ဝါသနာရှင်များ) ပြည်တွင်း၊ ပြည်ပခေတ်ပြိုင် အထောက်အထားများနဲ့ သုတေသန ပြု ဖော်ထုတ်ထားတာများကိုရှာဖွေ လေ့လာသင့်ပါတယ်။ သမိုင်း (History) ဘက်ကဆရာသမားများကတော့ သိပြီးဖြစ်၍ အထူးပြောစရာမရှိပြီ) 
(ကိုသာဝ)

Sunday, October 6, 2013

ပျူ ဟာ မြန်မာနဲ့ မတူပါလို့ မှားယွင်းစေခဲ့တဲ့ သမိုင်းတရားခံများ



ပျူ ဟာ မြန်မာနဲ့ မတူပါလို့ မှားယွင်းစေခဲ့တဲ့ သမိုင်းတရားခံများ
 ၁။       စီအို ဗလက်ဒင်  (ဘာသာဗေဒ ပါမောက္ခ၊ လန်ဒန်)

၂။       ဂျီအိပ်ခ်ျ လုစ်     (အင်္ဂလိပ်စာ ပါမောက္ခ၊ ရန်ကုန်ကောလိပ်)
၃။       ချားဒူရွိုင်ဆယ်လ် (ကျောက်စာဝန်)
          သူတို့အကြောင်း မပြောခင် ရာဇကုမာရေးထိုးခဲ့တဲ့ မြစေတီကျောက်စာလို့ အမှတ်မှား ခေါ်နေကြတဲ့ ဂူပြောက်ကြီး ကျောက်စာ က စရလိမ့်မယ်။ ၎င်း ကျောက်စာရဲ့ ဗြဟ္မီပွား အက္ခရာတွေနဲ့ ရေးထိုးထားတဲ့ နံပါတ်၎ စာမျက်နှာကို ပျူစာလို့ စိတ်အထင်နဲ့ လေဘယ်တပ်ခဲ့တဲ့ အကြောင်း။ (ခေါ်ရလွယ်အောင်လို့တဲ့။ သုတေသန မရှိပဲ၊ အထောက်အထား မရှိပဲ၊ စိတ်အထင်နဲ့ မှန်းဆ အမည်တပ်တာ)

မြစေတီကျောက်စာလို့ အမည်မှားတပ်ခံရတဲ့ ရာဇကုမာရဲ့ ဂူပြောက်ကြီးဘုရား အတွက် အလှူ မှတ်တမ်း ကျောက်စာ
၁၈၈၀ မှ ၁၈၉၀ အထိ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကျောက်စာဝန်အဖြစ် အမှုထမ်းသွားတဲ့ ဂျာမန်လူမျိုး အီးဖောသျှမ်းမား (ရန်ကုန်ကောလိပ်၊ ပါဠိပါမောက္ခ) လက်ထက်မှာ ဒေသခံ ပုဂံပြည်သူတွေ ထံက သတင်းရလို့ ရာဇကုမာကျောက်စာကို ကျောက်စာဝန်ဌာန (ယခု ရှေး/သု) က ၁၈၈၆ မှာ စတင် မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။ လေးမျက်နှာရှိတဲ့ ကျောက်စာတိုင်မှာ ပါဠိ၊ မြန်မာ၊ မွန် သုံးမျက်နှာကိုတော့ ဖတ်တတ်ပြီး ရှေးအက္ခရာတွေနဲ့ ရေးထိုးထားတဲ့ ကျန်တစ်မျက်နှာကိုတော့ မဖတ်တတ်ခဲ့ကြဘူး။
အမျိုးအမည်မသိ (unknown)
သုတေသန လုပ်ထုံးမှာ မည်သည့်လူမျိုး၊ မည်သည့်ဘာသာစကား မှန်းမသိသေးရင် အမျိုးအမည်မသိ (unknown) လို့ပဲ ခေါ်ရပါတယ်။ ကိုယ်ပေးချင်တဲ့ နာမည် ပေးလိုက်လို့ မရပါဘူး။ အဲဒီ သုတေသနလုပ်ထုံးနဲ့ အညီ ဂျာမန်ကြီး အီးဖောသျှမ်းမားက သူမသိလို့ မသိတဲ့အတိုင်း အမျိုးအမည် မသိ ကျောက်စာ (unknown inscription) လို့ ခေါ်ခဲ့ပါတယ်။
အီးဖောသျှမ်းမား နောက် ဒုတိယမြောက် ကျောက်စာဝန် တော်စိန်ခိုကလည်း အမျိုးအမည်မသိ (unknown) လို့သာ ဆက်လက်မှတ်တမ်း တင်ခဲ့တယ်။ ဆရာကြီးတော်စိန်ခို အငြိမ်းစားယူမယ့် (၁၉၁၁-၁၂) ကာလမှာ သရေခေတ္တရာ မြို့ဟောင်း ဘောဘောကြီး စေတီအနီးက အလားတူ စာတွေ ထပ်တွေ့ခဲ့ကြတယ်။ ရှေးဟောင်း ကျောက်အရိုးအိုးကြီး လေးလုံးပေါ်မှာ ထွင်းထားတာ။
ဆရာကြီးတော်စိန်ခိုနောက် တတိယမြောက် ကျောက်စာဝန်အဖြစ် ဆက်ခံမှာက ရန်ကုန်ကောလိပ် ပါဠိပါမောက္ခ ချားဒူရွယ်ဆယ်လ်။ အဲ့ဒီတုန်းက ရန်ကုန်ကောလိပ် အင်္ဂလိပ်စာ ပါမောက္ခ (သမိုင်းပါမောက္ခ မဖြစ်သေး) ဂျီအိပ်ခ်ျလုစ်က အကြံပြုလာပါတယ်။ ရာဇကုမာကျောက်စာက မဖတ်တတ်တဲ့ unknown စာမျက်နှာရယ်။ သရေခေတ္တရာ ကျောက်အရိုးအိုးကြီး လေးလုံးပေါ်က စာတွေရဲ့ မင်ကူးဓာတ်ပုံတွေကို လန်ဒန်တက္ကသိုလ်က ဂျီအိတ်ခ်ျလုစ်ရဲ့ ဆရာအရင်း မစ္စတာဗလက်ဒင် (ဘာသာဗေဒ ပါမောက္ခ) ထံ ပေးပို့ ဖတ်ခိုင်းဖို့ပါ။
သုတေသန လုပ်ထုံးကို ချိုးဖောက်ကာ ယာယီပျူလို့ အမည်တပ်လို့ မြစေတီပျူစာ ဖြစ်ရပုံ
          ဆရာကြီးတော်စိန်ခို၊ ချားဒူရွိုယ်ဆယ်လ် နဲ့ ဂျီအိတ်ခ်ျလုစ် တို့ဟာ ရာဇကုမာကျောက်စာ က unknown စာမျက်နှာရယ်၊ သရေခေတ္တတွေ့ အခြား အမျိုးအမည်မသိ စာ ၄မျိုးတို့ကို ဖတ်ရှု ဖော်ထုတ်ပေးဖို့ မစ္စတာဗလက်ဒင်ထံ အကူညီတောင်းခံရာက မြန်မာဟာ ပျူ မဟုတ် ဆိုတဲ့ ဇာတ်ရှုပ်ကြီး စတင်ပေါ်ပေါက် လာပါတော့တယ်။
          မစ္စတာဗလက်ဒင်ဟာ အထက်ပါ unknown စာတွေကို ဖတ်ကြည့်ပြီး အဓိပ္ပါယ်နဲ့ သဒ္ဒါကို မဖော်နိုင်လို့ သူလည်း ဘာစာမှန်း မသိပါဘူး။ သူ့အနေနဲ့ မသေခြာပေမယ့် ခေါ်ရလွယ်အောင် မှတ်ရလွယ်အောင် စိတ်အထင်မှန်းဆပြီး မြန်မာနဲ့ မတူတဲ့ ပျူစာ၊ ပျူအက္ခရာ လို့ ယာယီ အမည်ပေးပါသတဲ့။ (လေဘယ် တပ်ပါသတဲ့)။ အဲ့သလို ပျူ လို့ ခေါ်တာကိုလည်း အတည်မပြုပါဘူး တဲ့။ နောင် ပြင်နိုင်တဲ့ အခါ အမည်ပြန် ပြင်ကြပါတဲ့။ အောက်မှာ ကြည့်ပါ။

ဗလက်ဒင်ဟာ သုတေသန လုပ်ထုံးကို လက်တစ်လုံးခြားနဲ့ အကြီးအကျယ် ချိုးဖောက်တာပါ။ အမျိုးအမည် မသိရင် unknown လို့ပဲ ထားရမှာကို ပျူ လို့ အမည်ပေးလိုက်တာ သုတေသန စည်းကမ်းကို ချိုးဖောက်တဲ့အပြင် ရာဇဝင်ကို ရိုင်းစေတော့တာပါပဲ။ (ဟိုး အတေအတီ မြန်မာ့သမိုင်းစ ကတည်း က မြန်မာဟာ ပျူမဟုတ်ဆိုတဲ့ ဇတ်ရှုပ်မရှိခဲ့ပဲ ဗလက်ဒင့် ပယောဂကြောင့် ၁၉၁၂ နောက်ပိုင်း မှ မြန်မာဟာ ပျူမဟုတ်ဆိုတဲ့ ဇတ်ရှုပ်ကြီး စတင်ပေါ်ပေါက်လာ တာဖြစ်တယ်)
          ဗလက်ဒင် လေဘယ်ထိုးလို့ ပျူဖြစ်ရရှာတဲ့ ရာဇကုမာကျောက်စာက unknown အက္ခရာ၊ unknown စာ။ ဗလက်ဒင် အတည်မပြုခဲ့ နောင်အခါ ပြောင်းသင့်ရင် ပြောင်းခေါ်ရမယ့် unknown ကို ပျူလူမျိုးတို့ရဲ့၊ ပျူစာ၊ ပျူအက္ခရာ၊ မြန်မာမဟုတ်တဲ့ ပျူ တွေပါဟု အမည် တွင်အောင် ခေါ်ဝေါ်ခဲ့ကြသူတွေ ကတော့ ချားဒူရွိုင်ဆယ်လ်နဲ့ ဂျီအိပ်ခ်ျလုစ် တို့ပါ။
          Unknown အက္ခရာ၊ unknown စာ၊ unknown လူမျိုး၊ unknown ယဉ်ကျေးမှု၊ unknown မြို့တော် စသဖြင့် အန်နုန်း… အန်နုန်း… ခေါ်ရမယ့်နေရာမှာ (ဗလက်ဒင် လေဘယ်တပ်ခဲ့တဲ့၊ အတည်မပြုခဲ့တဲ့) ပျူ အက္ခရာ၊ ပျူစာ၊ ပျူ လူမျိုး၊ ပျူယဉ်ကျေးမှု၊ ပျူ မြို့တော် စသဖြင့် မြန်မာနဲ့ မတူ ပျူ… ပျူ… ပျူ… လို့ ချားဒူရွိုင်ဆယ်လ်နဲ့ ဂျီအိပ်ချိပ်လုစ် တို့က တစ်ပျူ တည်း ပျူ ခဲ့ကြပါတယ်။ ချားဒူရွိုယ်ဆယ်လ်က ကျောက်စာဝန် ဆိုတဲ့ သူ့အရှိန်အဝါနဲ့ မြန်မာဟာ ပျူနဲ့ မတူဘူး လုပ်ခဲ့ပါတယ်။ လုစ် ကလည်း သမိုင်းပါမောက္ခ ဖြစ်လာတော့ သူ့တပည့်တွေကို ပျူ ဟာ သပ်သပ်၊ မြန်မာမဟုတ် လုပ်လာ ပါတော့တယ်။ 
          သရေခေတ္တရာနဲ့ ပုဂံ unknown ကျောက်စာတွေကို ပျူစာလို့ ဗလက်ဒင် အတည်မပြု ခဲ့ကြောင်းကို သူတို့ နှစ်ဦးက လုံးဝ မဖော်ပြကြ ပါဘူး။ ဖုံးကွယ် ထားကြပါတယ်။ ပြီးတော့ ဗလက်ဒင် ပြောလို့ အဲဒီကျောက်စာတွေဟာဟာ ပျူ စာ ဆိုပြီး ရေးသားပြောဆို ကြပါတယ်။ မြန်မာ့ သမိုင်းကို နှပ်ချ ခဲ့ကြတာပါ။ (လုစ်က နောင် ကျောက်ဆည်စာတမ်းကို ရေးပြီး မြန်မာ့သမိုင်းကို အကြီးအကျယ် လိမ်ပါတော့တယ်)
သုတေသန လုပ်ထုံးအရ ပျူဟာ မြန်မာ မဟုတ်လို့ ပြောစရာ အထောက်အထား မရှိသလို၊ ဗလက်ဒင် အတည်မပြုခဲ့တဲ့၊ ယာယီလေဘယ် ထိုးခဲ့တဲ့ ပျူ ဆိုတာကို အတည်တကျ လုစ် တို့ ချားဒူရွိုင်ဆယ်လ် တို့ဟာ သမိုင်းပညာအရ သုံးခွင့် မရှိပါဘူး။ ဒါပေမယ့် ကျောက်စာဝန်၊ သမိုင်းပါမောက္ခ ဆိုတဲ့ အရှိန်အဝါတွေ၊ ရာထူး ပါဝါ လုပ်ပိုင်ခွင့် တွေနဲ့ မြစေတီပျူစာ၊ သရေခေတ္တရာပျူမြို့၊ မြန်မာမဟုတ်ဆို တစ်ဖက်သတ် လုပ်ခဲ့ကြတာပါ။
သရေခေတ္တရာ သမိုင်း မစ်သ်(Myth)ကြီး အရ တကောင်း သတိုးမင်းကြီးရဲ့သား မဟာသမ္ဘာဝ၊ မဟာသမ္ဘာဝ ရဲ့သား ပထမဆုံး (the first) ဒွတ္တဘောင်မင်းကြီးက သရေခေတ္တရာကို စတည်ခဲ့တာ။ သရေခေတ္တရာ မင်းဆက်ပေါင်း ၂၅ဆက်ရှိပြီး နောက်ဆုံးမင်းဆက် သုပညာ လက်ထက်မှာ သရေခေတ္တရာပျက်ပြီး သုပညာမင်းကြီးရဲ့တူ သမုဒ္ဒရာဇ်မင်းက ယုန်လွှတ်ကျွန်း၊ ပြူဂါမ (ပျူဈေးမြို့) အရပ်မှာ ပထမဆုံး ပုဂံနိုင်ငံတော် အရိမဒ္ဒနပူရ ကိုတည်ခဲ့တာ တွေကိုကျ စကားထဲတောင် ထည့်ပြော ချင်စရာမရှိတဲ့ အလကား ဒဏ္ဍာရီတွေ တဲ့။ လုစ်တို့က။ အဲ့ဒါတွေဟာ ဒဏ္ဍာရီ မဟုတ်ကြောင်း (၁၉၉၂-၉၃ ဘတ်ဂျက်နှစ်) မှာ တူးဖော်ရရှိခဲ့တဲ့ အတိတျာမင်း (သရေခေတ္တရာ နောက်ဆုံး မင်းဆက် သုပညာရဲ့ အစ်ကို၊ သရေခေတ္တရာ ၂၄ ဆက်မြောက်မင်း) ရဲ့ ကျောက်အရိုးအိုးကြီးမှ ကျောက်စာများက သက်သေ ခံနေပါတယ်။ ၎င်း အတိတျာမင်း ကျောက်အရိုးအိုးကြီးကို လေ့လာ ကြည့်ရှုလိုသူများ ရန်ကုန် အမျိုးသား ပြတိုက်မှာ သွားကြည့် နိုင်ပါတယ်။
နိဂုံးချုပ် ပြောရင်
၁။ unknown လို့ ထားရမှာကို ပျူ လို့ လေဘယ် ထိုးတယ်။
၂။ အဲ့ဒီလေဘယ် ထိုးလိုက်တဲ့ ပျူ ကို မြန်မာမဟုတ် လို့ အထောက်အထားမဲ့ ပြောတယ်။

        ဆရာကြီး ဒေါက်တာသန်းထွန်းက ပြောဖူးတယ်။ မင်းမှားရင် မင်းတရားခံ။ ငါမှားရင် ငါတရားခံတဲ့။ ဒီတော့ စီအိုဗလက်ဒင်၊ ဂျီအိပ်ခ်ျ လုစ် ၊ ချားဒူရွိုင်ဆယ်လ် တို့ဟာ ပျူဟာ မြန်မာနဲ့မတူပါလို့ မှားယွင်းစေ ခဲ့တဲ့ မြန်မာ့သမိုင်းရဲ့ တရားခံများ ဖြစ်ကြတယ်။

ကျမ်းကိုး။        ။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတွင် (၇)လတိုင်တိုင် ဖော်ပြခဲ့သော “ဆရာဘုန်းတင့်ကျော်  
                   ၏ မြန်မာနှင့်ပျူ လူမျိုး မတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင်ခံရခြင်းလော” ဆောင်းပါး။
                    ဘုန်းတင့်ကျော်= နှစ်ပေါင်း နှစ်ထောင်ကျော်ခဲ့ပြီ ဖြစ်သော မြန်မာသမိုင်း (၁၊၂)
                                                                                               
                                                                                                            (ကိုသာဝ)

Friday, September 27, 2013

အနော်ရထာခေတ် နဲ့ ရှင်အရဟံ

       အနော်ရထာနှင့် ရှင်အရဟံ မတိုင်မီ ကတည်းက ပုဂံ၌ ထေရဝါဒ သာသနာ ရှိခဲ့ကြောင်း ဒီမှာ ကျနော် ရေးခဲ့ပါတယ်။ အဲ့ဒီမှာ ရှင်အရဟံဟာ သထုံကရောက်လာတာလား၊ သီဟိုဠ်က ကြွလာတာလား၊ ပုဂံသားလား စသဖြင့်မေးစရာပေါ်ခဲ့ပါတယ်။ (မေးလည်း မေးခဲ့ပါတယ်) အနော်ရထာက သထုံကို စစ်မတိုက်ခဲ့ဘူး ဆိုရင် ရှင်အရဟံ ဆိုတာရော ပုဂံခေတ်မှာ တကယ်ရှိတယ်ဆိုတဲ့ သမိုင်း အထောက်အထား ရှိသလား။ ဒါကိုလည်း ရှာဖွေတင်ပြပေးဖို့လိုပါတယ်။
     ဦးကုလားရဲ့ မဟာရာဇဝင်ကြီး ပါတဲ့ ရှင်အရဟံ အကြောင်းကို အလျင်တင်ပြပါ့မယ်။ ပြီးမှ အထောက်အထားများနှင့် တိုက်ဆိုင် တင်ပြပါ့မယ်။

ဦးကုလားရဲ့ မဟာရာဇဝင်ကြီးမှာပါတဲ့ ရှင်အရဟံ အကြောင်း (လိုရင်းကိုချုံ့ရေးပါမယ်)
     မဟာရာဇဝင်ကြီး စတုတ္ထတွဲ၊ အမှတ်စဉ် ၂၄၄ မှာ ရှင်အရဟံ အကြောင်း ဒီလိုပါ ပါတယ်။
သုနာပရန္တတိုင်း၊ တမ္မဒီပတိုင်း တို့မှာ သာသနာမရောက်သေးလို့ ရဟန္တာမြတ် တို့က သိကြားမင်း ထံပန်ကြားတယ်။ သိကြားမင်းက နတ်သားတစ်ပါးကို တောင်းပန်လို့ ပုဏ္ဏေးမ တစ်ယောက်ရဲ့ဝမ်းမှာ သန္ဓေနေတယ်။ အရွယ်ရောက်၊ ရဟန်းပြု၊ ကျမ်းဂန်တတ်။ ရဟန္တာဖြစ်။ ရှင်အရဟံလို့ ကျော်ကြားတယ်။ ပုဂံမှာ သာသနာမရှိသေးလို့ သာသနာပြုရအောင် ကြွလာတယ်။ မြို့တော်နဲ့ မနီးမဝေး တောအုပ်မှာ သီတင်းသုံးတယ်။ သိကြားမင်းက မုဆိုးတစ်ယောက်ကို လှည့်ပတ်ခေါ်လာပြီး ရှင်အရဟံနဲ့ တွေ့စေ တယ်။ တွေ့တော့ ဒါမျိုးမမြင်ဘူးလို့ လူမဟုတ်၊ ဘီလူးလို့ ထင်တယ်တဲ့။ လူဆိုရင်လည်း လူရိုင်းပဲ ဖြစ်ရမယ် လို့ ယူဆပြီး ဘုရင့်ထံခေါ်သွားတယ်။ (ရဟန္တာ တစ်ပါးရဲ့ သွင်ပြင်ကို ကြည့်ပြီး ဘီလူး တို့၊ လူရိုင်းတို့ ထင်တယ် ဆိုတာ အဓိပ္ပါယ် ရှိပါသလား ခင်ဗျာ) တရားနာပြီးလို့ ဘုရင်က ကြည်ညိုလို့ ကိုးကွယ်တယ်တဲ့။
     ပြီးတော့ မင်းကမေးတဲ့အခါ ပိဋကတ် သုံးပုံ အစုံသုံးဆယ် သထုံမှာ ရှိတယ်။ သူ့လိုပဲ ရဟန္တာဖြစ်ပြီး ရဟန္တာမဖြစ်သေး အခြား သံဃာများလည်း အများအပြားရှိတယ်တဲ့။     
      ပိဋကတ် အစုံ ၃၀ ကိုတောင်းခိုင်းတယ်။ တောင်းတော့ သထုံမင်းက မပေးဘူး။ မချေ မငံ ဆက်ဆံလို့ စစ်တိုက်ယူတယ်။ (စဉ်းစားကြည့်ပါခင်ဗျာ။ ပိဋကတ် သုံးပုံ အာဂုံဆောင်နိုင်တဲ့ ရှင်အရဟံနဲ့ အခြား ရဟန္တာ အများအပြားရှိသေးရာ ပဋိကတ်သုံးပုံ စာရေးမူ ရဖို့ စစ်တိုက်ရတယ် ဆိုတာ အဓိပ္ပါယ် လုံးဝမရှိပါခင်ဗျာ)(အဲဒီစစ်ပွဲဟာ မဖြစ်ခဲ့ကြောင်း အနော်ရထာခေတ် မတိုင်မီတည်းက ပုဂံ၌ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားခဲ့သော သမိုင်းအထောက်အထားများ  မှာ ရေးပြီးပါပြီ။ )
     ရာဇဝင်ကြီးမှာ ပါတဲ့ ရှင်အရဟံ အကြောင်း အကျဉ်းက ဒီလောက်ပါ။

ရှင်အရဟံ ဘယ်ကကြွလာတာလဲ
         ရှင်အရဟံဟာ သထုံကလား၊ သီဟိုဠ်ကလား၊ မဇ္ဈမဒေသ ကလား။ ဆိုတော့. . . ဦးကုလားမှာ (မဟာရာဇဝင်ကြီး) ရှင်အရဟံ ဘယ်ဒေသက ဆိုတာမပါဘူး။ ပုဂံရာဇဝင်ကြီး မှာလဲ ရှင်အရဟံ ဘယ်က ဆိုတာ ဖော်ပြမထားပါဘူး။ ရှင်အရဟံဟာ ဘယ်အရပ်ဒေသက ကြွလာတယ် ဆိုတာ ကျောက်စာ အထောက်အထား (ရှေး/သုမှ ထုတ်ဝေပြီးသမျှ) လဲ မတွေ့ပါဘူး။
      ဒီတော့ အထောက်အထား မတွေ့သေးမျှ ရှင်အရဟံကို ဘယ်ကပါလို့ ပြောလို့မရသေးပါဘူး ခင်ဗျာ။ (အထောက်အထား သိသူများ ရှိရင် တင်ပြကြပါ)

ဒါဖြင့် ရှင်အရဟံ မရှိဘူးလား
        ရှင်အရဟံဆိုတဲ့ သာသနာပိုင် ရဟန်းတော်ကြီး ကို လှူ တဲ့အကြောင်း အလောင်းစည်သူမင်း ထိုး ကျောက်စာ ရှိပါတယ်။ ဒီတော့ ၎င်းကျောက်စာ အထောက်အထားရ ရှင်အရဟံ ရှိတယ်လို့ အဖြေထွက်ပါတယ်။ ပုဂံရာဇဝင်ကြီးမှာလဲ ရှင်အရဟံဟာ အနော်ရထာမှ အလောင်းစည်သူ ခေတ်ဦးတိုင် သက်တော်ရှည်ရဟန်းကြီး ဖြစ်ကြောင်းပါရှိပါတယ်။
       ပုဂံရာဇဝင်ကြီး မှာလဲ အန်ာရထာနဲ့ ရှင်အရဟံ လက်တွဲ သာသနာပြု တယ်လို့သာ ပါပြီး ဦးကုလားရေးသလို ထိုးဇတ်ဆန်ဆန် ဇာတ်လမ်းတွေ မပါရှိကြောင်း ပြောရင်း နိဂုံးချုပ်ပါတယ်။

ကျမ်းကိုး။      ။ ဘုန်းတင့်ကျော် = နှစ်ပေါင်းနှစ်ထောင်ကျော်ပြီ ဖြစ်သော မြန်မာသမိုင်း (၁၊၂)
                     ပုဂံရာဇဝင်ကြီး
                     ဦးကုလား =  မဟာရာဇဝင်ကြီး
(ကိုသာဝ)

Wednesday, September 25, 2013

အနော်ရထာခေတ် မတိုင်မီတည်းက ပုဂံ၌ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားခဲ့သော သမိုင်းအထောက်အထားများ



ဂါရဝပြုခြင်း
            ဤသမိုင်းဆောင်းပါးပါ ကျောက်စာ၊ ပေစာ မှတ်တမ်း အချက်အလက် အထောက်အထားများကို ပြည့်စုံစွာ စုဆောင်း ရှာဖွေ ဖော်ထုတ်ထားသည့် သမိုင်းသုတေတီ ဆရာဘုန်းတင့်ကျော်အား ရိုသေလေးစားစွာ ဂါရဝပြုအပ်ပါသည်။
မူလအမှား ဦးကုလား
ပုဂံ၌ အနော်ရထာမင်းစော မတိုင်မီ နတ်နဂါးကိုးကွယ်မှု၊ အရည်းကြီး ကိုးကွယ်မှုများသာရှိခဲ့သည်။ အနော်ရထာမင်းသည် သထုံကို အောင်နိုင်ပြီးနောက် ပိဋကတ်သုံးပုံနှင့်တကွ ရှင်အရဟံကို ယူဆောင်ကာ ပုဂံ၌ ထေရဝါဒသနာ ထွန်းကားစေခဲ့သည်ဟု ဦးကုလား ရေးသားသည့် မဟာရာဇဝင်ကြီး (အေဒီ၁၇၁၄၊ တနင်္ဂနွေမင်းလက်ထက်၊ ညောင်ရမ်းခေတ်) ၌ ဖော်ပြ ပါရှိခဲ့သည်။ ၎င်း ကို ကိုးကားသော မှန်နန်းရာဇဝင်နှင့်၊ နောက်ရေး ပုဂံရာဇဝင်များ၌လည်း ထိုသို့သာ ရေးသားခဲ့ကြ အမှတ်မှားခဲ့ကြသည်။
သမိုင်းပညာ ဆိုတာ
သမိုင်းပညာဆိုသည်မှာ ပြည်တွင်း ခေတ်ပြိုင်အထောက်ထားများ၊ ပြည်ပ ခေတ်ပြိုင်အထောက်အထားများ ရှုထောင့်စုံထောက်ခံမှု ရှိသော အချက်အလက် အခြင်းအရာ တို့ကိုသာ အမှန်သမိုင်းဟု လက်ခံမှုပြုပါသည်။ အထောက်အထား မရှိက သမိုင်းမရှိပါ (No evidence No history) ။ အထောက်အထား မပြနိုင်ပါက ရာဇဝင်စာ (ခေါ်) မှတ်တမ်း (Chronicle) ဟုသာ ခေါ်ဆိုပါသည်။ ထို ရာဇဝင်စာက ပြောသော အချက်အလက် အခြင်းအရာ တို့ကို အမှန်သမိုင်း ဟုလက်မခံပါ။ (ဘုန်းတင့်ကျော်၊ ပျူစစ်လျှင် မြန်မာ မှ)
ဆန်းစစ်ခြင်း
            ထို့ကြောင့် ဦးကုလားပြောသလို အနော်ရထာခေတ်ရောက်မှ ပုဂံသို့ ထေရဝါဒ ရောက်သည် ဆိုသော အယူအဆ အတွက် အထောက်အထား ရှာရန်လိုအပ်ပါသည်။ ထိုသို့ လိုအပ်သော ကျောက်စာ အထောက်အထားများကို ရှာဖွေ ကြည့်သောအခါ . . .
၁။         အရည်းဆိုသော စကားကို တွေ့ရပါသည်။ သို့သော် ထိုအရည်း ဆိုသည်မှာ အာရညဝါသီ တောမှီ ပုဂ္ဂိုလ်၊ တောကျောင်း ဘုန်းကြီး များသာဖြစ်ပါသည်။ ပါးစပ်ရာဇဝင်များ၌ တွင်ကျယ်နေလို (ပန်းဦးလွှတ်ခြင်း) အစ ရှိသဖြင့် ယုတ်ညံ့သော အလုပ်များလုပ်သည်ဟု အထောက်အထား မရှိပါ။ ဘုရားတည်၊ ကျောင်းဆောက်၊ ပရဟိတ အလုပ်များ လုပ်ခြင်း စသည့် ကောင်းမှုကုသိုလ်များအတွက် အလှူမှတ်တမ်း ကျောက်စာ အထောက်အထားများသာ တွေ့ရှိရပါသည်။ ထို့အပြင်  ပုဂံရာဇဝင်ကြီး ပေမူ တွင်လည်း အရည်းများ သောင်းကျန်းသောကြောင့် နှိမ်နင်းရသည် ဟု မပါရှိပါ။ (အရည်းဆရာကို တောကျောင်းဆရာ၊ ပွဲကျောင်းဆရာ များဟု မှတ်ယူရပါသည်)
၂။         အင်းဝခေတ် ပဲခူး ကလျာဏီသိမ်ကျောက်စာသည် အနော်ရထာခေတ်ထက် နှစ် ၄၀၀ ကျော် နောက်ကျ၍ ပုဂံခေတ် ခေတ်ပြိုင် အထောက် အထေက်အထား မဟုတ်ပါ။ ထို ကလျာဏီသိမ်ကျောက်စာ၌ ပုဂံနှင့်သထုံ စစ်ပွဲ ဖြစ်ခဲ့ကြောင်း မပါပါ။ အနော်ရထာမင်းစောသည် သထုံသို့ ချီတက်တိုက်ခိုက်သည် ဆိုသော အထောက်အထား မရှိ။ ကျောက်စာ မှတ်တမ်းလည်း မရှိ။ ပုဂံရာဇဝင်ကြီး ၌လည်း ထိုသို့ မဆိုပါ။ ထို့ကြောင့် ရာဇဝင်ကြီး၌ပါသော ပုဂံနှင့် သထုံ စစ်ပွဲကြီး ဖြစ်ခဲ့ကြောင်း အထာက်အထား မရှိ။ ပုဂံနှင့် သထုံ စစ်ပွဲကြီး မဖြစ်ခဲ့ပါ။
ပဲခူး ကိုးသိန်းကိုးသောင်း ဘုရားသမိုင်းတွင် ကြွမ်း (ဂျွမ်း) စစ်သည်များ (ခမာ) ဥဿာပဲခူး ကို ဝိုင်းထားစဉ် သထုံမင်း မနူဟာဘုရင်သည် ပဲခူးဘုရင်ထံ ခိုလှုံနေသည် ဟု ပါရှိပါသည်။ (အနော်ရထာမှ ကျန်စစ်သားနှင့် သူရဲကောင်းလေးယောက် ဦးဆောင်သာ စစ်တပ်ဖြင့် စစ်ကူပေးခဲ့သည်)
            ထိုစဉ်အခါက အရှေ့တောင်အာရှဒေသ၌ အင်အားကြီးမားသော ဂျွမ်းစစ်တပ်ကြီး သည် ယိုးဒယား၊ မြန်မာနိုင်ငံတောင်ပိုင်း မှသည် ပဲခူးအထိ စစ်ထိုးလာခဲ့ပါသည်။ ပဲခူးမြို့အထိ လာဝိုင်းရံထားသော ထို ခမာစစ်တပ်၏ စစ်လမ်းကြောင်းကျရာ သထုံသည် ပဲခူး မကျမှီကတည်းက ကျခဲ့သည်မှာ အထင်အရှားပင် မဟုတ်ပါလော။
            ထို့ကြောင့် ထိုစဉ်က သုဝဏ္ဏဘူမိသထုံသည် ပုဂံနှင့် စစ်ဖြစ်ခြင်း မဟုတ်ပဲ  ဂျွမ်း ရန်ကြောင့် ပျက်စီးခဲ့ခြင်းသာ ဖြစ်ပါသည်။ သထုံဘုရင် မနူဟာသည်လည်း သထုံပျက်သောအခါ ပဲခူး၌ လာရောက်ခိုလှုံနေပါသည်။ ပဲခူးကို ဂျွမ်းစစ်သည်တို့ လာဝိုင်းသောအခါ မနူဟာသည် ပုဂံဘုရင် အနော်ရထာထံ ရွှေ့ပြောင်း ခိုလှုံခဲ့ခြင်းသာ ဖြစ်ပါသည်။ အနောက်လွန်မင်းလက်ထက် လှေသင်းစုစစ်တမ်းတွင် မနူဟာမင်းသည် လှေတော်ကြီး လေးစင်းနှင့် သမီးတော်ဆက်သကာ ပုဂံသို့ခိုလှုံရောက်ရှိကြောင်း၊ ယင်းလှေတော် လေးစင်းနှင့် လှေတော်သားများကို အနော်ရထာမင်းကြီးက လှေသင်းစုတစ်စု အဖွဲ့ဖွဲ့ပေးရာမှ ဆင်းသက်လာသော လှေသင်းစုဖြစ်ကြောင်း အစစ်ခံသည့် စစ်တမ်းရှိပါသည်။
            (ကြပ်ကြပ်စဉ်းစား ကြည့်ကြပါ။ ဂျွမ်းစစ်တပ်ကြီးဟာ သထုံကို ဖြတ်သန်းပြီးမှ ပဲခူးကို ရောက်တာပါ။ ပဲခူးအထိ ဂျွမ်းစစ်တပ်ကြီး ရောက်လာမှတော့ စစ်လမ်းကြောင်းကျတဲ့ သထုံ ကျရှုံးပြီးဆိုတာ သိပ်ထင်ရှားပါတယ်။ သထုံဘုရင်မနူဟာ ကလည်း ပုဂံမှာ လာခိုလှုံခြင်းသာ ဖြစ်ပါတယ်။ )
            ထို့ကြောင့် ဗျတ်ဝိ၊ ဗျတ္တနှင့် သထုံကို အနော်ရထာစစ်တိုက်ခဲ့ခြင်း ဆိုသည်မှာ ပုံဝတ္ထုဇတ်လမ်းသာ ဖြစ်ပါသည်။ ထိုပုံပြင်ဇတ်လမ်းကို ဦးကုလားက မဟာရာဇဝင်ကြီးမှာ ဘာကြောင့်ထည့်ရေးတာလဲ။ ဘယ်ကဟာကို ဦးကုလားက ယူရေးတာလည်း ဆန်းစစ်ဖို့လို့ပါသည်။
            ဦးကုလား၏ အတ္ထုပ္ပတ္တိကို ပြန်ကြည့်သော် အဖဘက်မှ သူဌေးမျိုး။ အမိဘက်မှ အဖွားသည် ယိုးဒယား ပိဿလောက်စော်ဘွားသမီး စောဘုန်းရှိ ဖြစ်ပါသည်။ သမိုင်းသုတေသီ တို့၏ ဆန်းစစ်ချက်၊ လေ့လာချက်များအရ ဦးကုလားသည် မဟာရာဇဝင်ကြီး၌ ယိုးဒယားဘက်မှ ဇတ်လမ်းများ ထည့်ရေးခြင်းမျှသာ ဖြစ်တန်သည်။ ဦးကုလားသည် ထိုခေတ် ပွဲကျောင်းများကို နှိပ်ကွပ်လို၍ အရည်းကြီးဇတ်လမ်းများယုတ်ညံ့စေရန် သူ့အဘွား ထံမှရသော ယိုးဒယားဘက်မှ ဇတ်လမ်းကို ထည့်ရေးခြင်းသာ ဖြစ်သည်။ သထုံ ပုဂံစစ်ပွဲ ဆိုသည်မှာလည်း သူ့အဘွားဘက်မှ ရသော ယိုးဒယားဖြစ်ဇတ်လမ်းကို ထည့်ရေးခြင်း မျှသာ ဖြစ်တန်သည်။ ထို့ကြောင့် သထုံ ပုဂံ စစ်ပွဲမှ ဗျတ်ဝိ၊ ဗျတ္တ ဇတ်လမ်းများမှာလည်း ဦးကုလား၏ ရေးသားချက်သာ ဖြစ်ပါသည်။
အနော်ရထာက သထုံကိုလည်း မတိုက်၊ သထုံမှ ရှင်အရဟံနှင့် ပိဋကတ်သုံးပုံ ကြောင့်လည်း မဟုတ် ဆိုလျှင် ပုဂံသည် ထေရဝါဒဗုဒ္ဓသာသနာကို ဘယ်က ရသနည်း။
            ဟုတ်ကဲ့။ သရေခေတ္တရာ ခေါ် သီရိခေတ္တရာ မှ ရပါသည်။ ထို့ပြင် ပုဂံ၌ အနော်ရထာ မတိုင်မီ ထေရဝါဒဗုဒ္ဓ သာသနာ ရှိကြောင်း အထောက်အထားများ ကျောက်စာများ လည်း ရှိပါသည် ခင်ဗျား။
၁။ အနော်ရထာမင်း၏ ဖခမည်းတော်ကွမ်းဆော်ကြောင်ဖြူ (ကျောင်းဖြူ) မင်းကို ကျည်စိုးနှင့် စုက္ကတေး တို့မှ နန်းချပြီး အတင်းရဟန်းပြုစေကြောင်း ပုဂံရာဇဝင်ကြီး ၌လည်း ပါ ပါသည်။ ဦးကုလား ရာဇဝင်ကြီး ၌လည်း ပါပါသည်။ ရသေ့ ဝတ်စေခြင်း မဟုတ်။ ရဟန်းဝတ်စေခြင်း ဖြစ်ပါသည်။ (ဦးကုလား ကိုယ်တိုင် ရှေ့နောက်မညီ ရေးခြင်း။) ထိုမင်း (ကွမ်းဆော်မင်းကြီး) သည် ကျောင်းဖြူကြီး တစ်ဆောင် ဆောက်လုပ်လှူဒါန်းကြောင်း ပုဂံနံရံမင်စာ အထောက်အထား။ ကျောင်းဖြူကြီး ဆောက်လုပ်လှူဒါန်းသော ကွမ်းဆော်မင်းကြီး မှ ကွမ်းဆော်ကျောင်းဖြူ၊ ကွမ်းဆော်ကြောင်ဖြူ ဖြစ်လာသည်) အနော်ရထာ နန်းရသောအခါ ခမည်းတော်ရဟန်းမင်းကြီးကို “သံဃာမင်းထီး” ဘွဲ့ဆက်ကပ်ကြောင်း ဦးကုလားက ပြောထားပြန်ရာ ရှင်အရဟံမရောက်မီကတည်းက ပုဂံ၌ ထေရဝါဒ သံဃာရှိကြောင်း ပေါ်ပေါက်နေပြန်သည်။
၂။ စောရဟန်းမင်းသည် တုရင်တောင်ထက်မှာ သိမ်တစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ၎င်း သိမ်ပျက်သဖြင့် ဥဇနာမင်း (အေဒီ ၁၂၁၂ ခုနှစ်) လက်ထက်တွင် ပြန်လည်ပြုပြင် ဆောက်လုပ်စေသော ကျောက်စာ အထောက်အထားရှိပါသည်။ အသောက တတိယ သင်္ဂါယနာတင်ပြီးနောက်ပိုင်း မဟာယာနမှာ သိမ်ဝင်ခြင်း မရှိ။ သံဃာမရှိ။ ရသေ့ကြီးများသာ ရှိပါသည်။
(ဟုတ်ကဲ့၊ သိမ်ဆိုတာ ထေရဝါဒ မှာပဲ ရှိတာပါ။ သိမ်သမုတ်တယ်ဆိုတာ ထေရဝါဒ ရဟန်းတွေပဲ လုပ်လို့ရတာပါ။ အနော်ရထာက (အေဒီ ၁၀၄၄) မှာ မင်း ဖြစ်တယ်။ ဒီတော့ စောရဟန်းမင်း လက်ထက်ကတည်းက သိမ်ရှိနေလို့ အနော်ရထာ မမွေးမီကတည်းက ပုဂံမှာ ထေရဝါဒ ရှိနေကြောင်း သိပ်ကို ထင်ရှားတဲ့ အထောက်အထား ပေါ့ဗျာ)


ပုဂံ ဘယ်က စသလဲ (သိရိခေတ္တရာ ခေတ်မှ ပုဂံခေတ်သို့)
အေဒီ ၁ ရာစုအကုန် ၂ရာစု အစလောက်မှာ သရေခေတ္တရာ ပျက်တယ်။ (မင်းနေပြည်တော် ပျက်တာပါ) အေဒီ ၁၀၇ (အေဒီ ၂ ရာစု အစ)မှာ သရေခေတ္တရာမင်းရဲ့တူ သမုဒ္ဒရာဇ်မင်းက ယုန်လွှတ်ကျွန်း၊ ပြူဂါမ (ပျူဈေးမြို့) ဆိုတဲ့ အရပ်မှာ ပထမ ပုဂံမင်းနေပြည်တော် ကို စတည်ထောင်တယ်။ အရိမဒ္ဒနပူရ ဆိုတဲ့ အမည်နဲ့ပါ။
အေဒီ ၃၄၄ (သက္ကရာဇ် ၂၆၆) မှာ နန်းတက်တဲ့ သေဉ်လည်ကြောင်မင်းက လောကနန္ဒာအရပ်မှာ သီရိပစ္စယာ အမည်နဲ့ ဒုတိယ ပုဂံမြို့ကို တည်ထောင်တယ်။
အေဒီ ၅၁၆ (သက္ကရာဇ် ၄၃၈) မှာ နန်းတက်တဲ့ သိုက်တိုင်မင်းက သမထီး အရပ်မှာ တတိယ ပုဂံမြို့ ဖြစ်တဲ့ တမ္မဝတီ မြို့ကို တည်ထောင်ပါတယ်။
အေဒီ ၈၄၆ (သက္ကရာဇ် ၂၀၈) မှာ နန်းတက်တဲ့ ပျဉ်ပြားမင်းက နန်းတက်လို့ ၃နှစ်အကြာ အေဒီ ၈၄၉ မှာ ယခု ပုဂံကို တည်ခဲ့တယ်။ အမည်ကိုတော့ ပထဆုံးပုဂံရဲ့ အမည် ရန်အပေါင်းကို အောင်မြင်သော ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ အရိမဒ္ဒနပူရ လို့ပဲထပ်ပေးတယ်။
            အရိမဒ္ဒန၊ သီရိပစ္စယာ၊ တမ္ပဝတီ၊  ဆိုတဲ့ ပုဂံမင်းနေပြည်တော် အမည်တွေကို ကြည့်ပါ။ မွန်နာမည်လည်း မဟုတ်ပါဘူး။ မဟာရာနလို့ ပြောရအောင် သက္ကတ အမည်လည်း မဟုတ်ပါဘူ။ ထေရဝါဒ မှာသာ သုံးတဲ့ ပါဠိ အမည်စစ်စစ်ကြီးတွေ ဖြစ်ပါတယ်။ ဒါဟာလည်း အနော်ရထာမတိုင်ခင် ကတည်းက ထေရဝါဒ ရှိနေတဲ့ အထောက်အထားပါ။ (ဘုန်းတင့်ကျော်)
            သရေခေတ္တရာ ပျက်ပြီး ပုဂံ ဖြစ်လာတယ်။ ပုဂံ ဟာ သရေခေတ္တရာဆီက ထေရဝါဒ ဗုဒ္ဓသာသနာကို ရခဲ့တယ် လို့ ပြောခဲ့ပါတယ်။ ဒီတော့ သရေခေတ္တရာမှာ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားခဲ့ကြောင်း အထောက်အထား ပြရပါတော့မယ်။
၁၉၂၆ ခုနှစ်၊ မြန်မာနိုင်ငံ ရှေး/သု အရာရှိ ချားဒူးရွိုင်ဇယ် လက်ထက်မှာ သရေခေတ္တရာမြို့ဟောင်း ဦးခင်ဘ ယာခင်းအတွင်းရှိ စေတီငုတ်တိုကို တူးဖေါ်ရာ ရွှေပေချပ် အချပ်၂၀ ရရှိခဲ့သည်။ ထိုရွှေပေချပ်များ ပေါ်မှာ ဗုဒ္ဓခေတ်နှင့် အသောကခေတ်သုံး ဗြဟ္မီပွား အက္ခရာများဖြင့် ထေရဝါဒဆိုင်ရာ (သုတ်၊ ဝိနည်း၊ အဘိဓမ္မာ) ကောက်နှုတ်ချက်များ ရေးထိုးထားပါသည်။


သရေခေတ္တရာတွင် အခြား ထေရဝါဒဆိုင်ရာ သာသနိက အဆောက်အဦး၊ စေတီပုထိုးများ၊ အုတ်ခွက်ဘုရားများ စသဖြင့် အထောက်အထားများစွာရှိပါသည်။ (ဘောဘော၊ ဘဲဘဲ၊ ဘုရားမာ၊ ပြည်ရွှေဆံတော်) သရေခေတ္တရာ မြို့ဟောင်း မြို့တံခါးဝ မှာပင် ထေရဝါဒဂိုဏ်း ကသာ သုံးပြီး၊ မဟာယာနက မသုံးသော ပါဠိဘာသာဖြင့် ရေးထိုးထားသော မောရသုတ်၊ မင်္ဂလသုတ် ကျောက်စာတိုင်၊ အခြား တစ်ဘက်၌ ရတနာ့သုတ် ကျောက်စာတိုင် များကို တွေ့ရှိချက်အရ သရေခေတ္တရာသည် ထေရဝါဒ ပျူမြန်မာနိုင်ငံတော်ဖြစ်သည်။
ထို သရေခေတ္တမှ ထေရဝါဒ ပျူမြန်မာတို့ တည်ထောင်သော ပုဂံသည် ထေရဝါဒ ပုဂံနိုင်ငံတော်သာဖြစ်ပါသည်။ သရေခေတ္တရာမင်း၏ တူတော်စပ်သော ပုဂံကို စတည်ထောင်သည့် သမုဒ္ဒရာဇ်မင်း မှ စရေတွက်သော် စောမွန်နစ် အထိ ပုဂံမင်းဆက် ၅၅ဆက် ဖြစ်သည်။ (သင်ပုန်းကြီးဋီကာ၊ ဇာတာတော်ပုံ၊ ) အနော်ရထာသည် ၄၂ယောက်မြောက် မင်းဖြစ်သည်။ ထို ၄၂ ယောက်မြောက် အနော်ရထာမတိုင်မီ ၃ယောက်မြောက် ပျူစောထီး မင်းလက်ထက် က တည်ထားခဲ့သည့် ဗူးဘုရား ဌာပနာ တိုက်အတွင်းမှ အေဒီ ၃ရာစု အုတ်ခွက်ဘုရားများ တွေ့ရှိခဲ့ပါသည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် ပုဂံသည် ထိုခေတ်ကတည်းက ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားနေပြီး ဖြစ်လေသည်။
ပုဂံနိုင်ငံတော်သည် အနော်ရထာမင်း (အေဒီ ၁၀၄၄) မတိုင်မီကတည်းက ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ကြာင်း အထက်ပါ အထောက်အထားများက သက်သေခံလျက် ရှိပေသည်။


အေဒီ ၁၆၇ ခု နန်းတက်သော ပုဂံမင်း ပျုမင်းထီး/ ပျူစောထီး မင်း၏ ကောင်းမှု ဗူးဘုရား 


ကျမ်းကိုး။            ။ ဘုန်းတင့်ကျော်၊ နှစ်ပေါင်းနှစ်ထာင် ကျော်ခဲ့ပြီဖြစ်သော မြန်မာသမိုင်း (၁၊ ၂)
             ဘုန်းတင့်ကျော်၊ ပျူစစ်လျှင်မြန်မာ
             ဦးကုလား၊ မဟာရာဇဝင်ကြီး
(ကျောက်စာတွေ အထိ ရှာဖွေဖတ်ချင်သူများအတွက် တိုင်းရင်းမြန်မာ ကျောက်စာများ (ငါးတွဲ)၊ ပုဂံရာဇဝင်ကြီး၊ သင်ပုန်းကြီးဋီကာ၊ သက္ကရာဇ်များအတွက် ဇာတာတော်ပုံကျမ်း၊ ရာဇဝင်ချုပ် စသဖြင့် ကျမ်းကိုး ပေးပါတယ်)
(ကိုသာဝ)