သမိုင်းပညာရှင်များ အဆိုအရ မဇ္ဈိမဒေသတွင် ကိုးကွယ်ယုံကြည်မှု အလိုက်
ခေတ်များသည် ဝေဒခေတ်၊ ဗြာဟ္မဏခေတ်၊ အာရညခေတ်၊ ဥပနိသျှဒ်ခေတ်၊ တတ္ထိယခေတ်၊
ဗုဒ္ဓခေတ် ဟူ၍ အစဉ်တိုင်း (အချို့ကခေတ်ပြိုင်လျက်) ဖြစ်ပေါ်လာ ကြ၏။
ဝေဒခေတ်တွင် နတ်များကို ကိုးကွယ်ယုံကြည်ကြသည်။ ဝေဒကျမ်း လေးပုံ ရှိ၏။ ၄င်းတို့မှာ
၁) ရိက်ဝေဒ (နတ်များ၏ ဘုန်းတော်ဘွဲ့ကို ဖော်ပြသောကျမ်း)
၂) ယဇုဝေဒ
(နောက်ပိုင်း နတ်များ၏ ဘုန်းတော်ဘွဲ့ကို ရွတ်ဆို ပူဇော်ရုံနှင့် မပြီးပဲ
လှူဖွယ်ပစ္စည်းများနှင့် လှူဒါန်း ပူဇော်လာကြသည်။ ထို ယဇုဝေဒသည်
များပြားလှသော နတ်အလိုက်၊ အခမ်းအနားအလိုက် ပူဇော်မှု စည်း စနစ်တကျ
ဖြစ်ရေးအတွက် ပူဇော်ပုံ၊ ပူဇော်နည်း များကိုဖော်ပြ ထားသော ကျမ်းဖြစ်သည်။
ယဇု ၏အနက်မှာ ပူဇော်ခြင်း (ယဇ်) ဖြစ်သည်။) တကယ်တော့ ယဇ် ဆိုတာ ပူဇော်ခြင်း
ပါပဲ။
၃) သာမဝေဒ (တေးဂီတ ကိုပြောတာပါ။ အထက်က
စွန့်ကြဲလှူဒါန်းမှု သဘော ပိုထက်သန်လာအောင်၊ စေတနာ ပိုထက်သန်လာအောင်၊
စိတ်ကြည်နူး လာအောင် နတ်များ ပူဇော်ပွဲအတွက် ငြိမ်းညောင်းသာယာတဲ့ တေးဂီတ
များကို ဖော်ပြတဲ့ ကျမ်းပါ။ သာမရဲ့ အနက်က တေးဂီတပါ)
၎) အထဗ္ဗဝေဒ
( တေးဂီတက တဆင့် အသံရဲ့ တန်ဖိုးကို သိလာကြပါတယ်။ အသံကို ဌာန်၊ ကရိုဏ်း၊
ပယတ် သို့မဟုတ် တုန်ခါနှုန်း တို့ဖြင့် မှန်ကန်စွာ ထွက်ပေါ်လာရင် လိုအပ်တဲ့
အကျိုးကို ပေးစွမ်းတယ်လို့ ယုံကြည်ကြတယ်။ အဲ့ဒီ အသံကို ဂါထာရွတ်တယ်၊
မန္တန်စုတ်တယ် စသဖြင့် အသုံးပြုကြပါတယ်။ သူက ရှေး ဝေဒ သုံးပုံနှင့် မတူပဲ
ဂါထာ မန္တရား များ ပါဝင်လာပါတယ်)
ဗြာဟ္မဏခေတ်
ကိုးကွယ်ယုံကြည်မှုကို ယဇ်ပူဇော်ကိုးကွယ် မှု လို့ ခေါ်ကြပါတယ်။ ဝေဒ စာပေဟာ
လေးပုံ ရှိသလို အဲ့ဒီ ဝေဒလေးပုံကို ယဇ်ပူဇော်မှု ရှုထောင့် အသီးသီးက
အကျယ်ဖွင့်ဆိုပြီး ဗြာဟ္မဏစာပေ ဟာ လေးစု ဖြာ ထွက်လာခဲ့တယ်။ အဲဒီခေတ်ကို
ဗြာဟ္မဏခေတ် လို့ ခေါ်ပါတယ်။ ဖြာထွက်ပုံကတော့ . . .
ရိုက်ဝေဒ မှ အဲတရဲယဗြာဟ္မဏကျမ်း၊ ကော်သိတကိ ဗြာဟ္မဏကျမ်း။
ယဇုဝေဒ မှ သတပထ ဗြာဟ္မဏကျမ်း၊ တဲတိရိယ ဗြာဟ္မဏကျမ်း။
သာမဝေဒ မှ တာဏ္ဋျ ဗြာဟ္မဏကျမ်း၊ ဇဲမိနိယ ဗြာဟ္မဏကျမ်း၊ ဆဗ္ဗိသ ဗြာဟ္မဏ ကျမ်း။
အထဗ္ဗဝေဒ မှ ဂေါပထ ဗြာဟ္မဏကျမ်း။
တို့
ဖြစ်ပါတယ်။ (အဲ့ဒီတုန်းက ယဇ်ပူဇော်မှုဟာ ဘယ်လောက်ကြီးကျယ် ခမ်းနားတယ်၊
တတ်နိုင်သလို ဘယ်လောက်ချဲ့ကြလဲ ဆိုတော့ ပသေန ဒီ ကေလာသလမင်းကြီးဟာ ဥသဘ
ငါးရာ၊ နွားထီးငယ် ငါးရာ၊ နွားမငယ် ငါးရာ၊ ဆိတ်ငါးရာ၊ သိုး ငါးရာ တို့ကို
ယဇ်ပူဇော်ပသခြင်း အလို့ငှာ ဖွဲ့ချည်ဆောင်ထား အပ်ကုန်၏။ ထိုမင်း၏
ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ အစေအပါး၊ အလုပ်သမား တို့သည်လည်း
ဒဏ်ဖြင့်ခြိမ်းခြောက် အပ်ကုန်၏။ ဘေးဖြင့် ခြိမ်းခြောက်အပ်ကုန်သည် ဖြစ်၍
မျက်ရည်ဖြင့် ပြည့်သောမျက်နှာ ရှိကုန်လျက် ငိုးကြွေးကာ အမှုကိစ္စတို့ကို
ပြုကုန် ၏ လို့ သံယုတ္တနိကာယ်၊ ကောသလသံယုတ်၊ ယည သုတ်မှာ ဖော်ပြထားပါတယ်။)
အာရညခေတ်
ဆိုတာ တောပျော်ခေတ်ပါပဲ။ အာရညဝါသီ တောမှီပုဂ္ဂိုလ်ရယ်လို့ ကြားဖူးကြမှာပါ။
ပုဂံခေတ်က အရည်းကြီးဆိုတာ အာရညဝါသီ ကနေ အရည်းလို့ ဖြစ်လာတာပါ။ ယဇ်ဆရာကြီးတွေဟာ ရှုပ်ထွေးနက်လှတဲ့၊
အတိမ်းအစောင်း အမှားမခံတဲ့ ယဇ်ပူဇော်မှုအတွက် ပညာတွေကို ခက်ခဲပင်ပန်းစွာ၊
သင်ယူ၊ ကျင့်ကြံကြရတယ်။ နုပျိုသန်မာတဲ့ ဘဝတစ်လျှောက်လုံးကို
ရင်းနှီးမြှုပ်နှံကြရတယ်။ သူတို့ အသက်ကြီးရင့်တဲ့ အခါမှာလည်း တပည့်တွေကို
ဆရာတစ်ဆူအဖြစ် ပညာပြန်လည် သင်ကြားပေးရပြန်ပါတယ်။ ဗြာဟ္မဏတွေဟာ ယဇ်ပူဇော်မှု
သက်သက်ကိုသာ (ဘလိုင်းပူဇော်တာတော့ မဟုတ်ပါဘူး။ ဗေဒင်၊ နက္ခတ်၊ အချိန်အခါ
စတာတွေကို စနစ်တကျ တွက်ချက်ပြီး လုပ်ကြတာပါ) ဦးစားပေး အချိန်ကုန်ပြီး လူ့ဘဝ
နေဝင်ချိန်ကို ရောက်လာတဲ့အခါ တောအရပ်ကို ချဉ်းကပ်ကြပါတယ်။
သူတို့ဟာ
တောအရပ်မှာ ယဇ်ကိုလည်း ပူဇော်ကြတယ်။ သမထ ကိုလည်း ပွားကြတယ်။ တောထဲမှာ
ယဇ်ပူဇော်စရာ ပစ္စည်းဝတ္ထု၊ ငွေကြေး ရှားပါးခက်ခဲတဲ့အတွက် (ပြတီက) လို့ခေါ်တဲ့
ရည်ညွှန်းပူဇော်ခြင်းကို ပြုလုပ်ရာမှ ရရှိလာတဲ့ နည်းသစ်ကို သမထ
လို့ခေါ်တာပါပဲ။ ဥပမာ- အဿမေဓ ခေါ် မြင်းယဇ် ပူဇော်မယ်ဆို ပူဇော်စရာ
မြင်းမရှိပါဘူး။ အဲ့ဒီအခါ မြင်းနဲ့ အာကာသကို မတူ တူအောင် စဉ်းစားလာရပါတယ်။
အာကာသကို မြင်းခေါင်း၊ နေနှင့်လကို မြင်းကို မျက်လုံး၊ လေကို မြင်းရဲ့
အသက်၊ မြေကို မြင်းရဲ့ ခန္ဓာကိုယ် စသည်ဖြင့် မြင်းနှင့် အာကာသကို မတူ
တူအောင် စဉ်းစားရာမှာ ကသိုဏ်းပေါက်ပြီး သမာဓိ အားကောင်းလာပါတယ်။ သမာဓိဟာ
အပ္ပနာ အဆင့်ကိုရောက်ပြီး ဈာန်အဘိညဉ်အဖြစ် တိုးတက်လာပါတယ်။ အာရညခေတ်ဟာ
တောပျော်ရသေ့တို့ရဲ့ ဈာန်သမာပတ် ခေတ်ဖြစ်ပါတယ်။
ဗြာဟ္မဏတွေရဲ့
ခေတ်ထဲမှာ ပဲ ကဏ္ဍ နှစ်ခု ရှိပါသေးတယ်။ ဉာဏကဏ္ဍ နဲ့ ကမ္မကဏ္ဍပါ။ ဒဿနပိုင်းနဲ့
အလုပ် ပိုင်းလို့ ပြောလို့ရပါတယ်။ ပထမပိုင်းမှာ အလုပ်ပိုင်း (ကမ္မကဏ္ဍ)
ဖြစ်တဲ့ ယဇ်ပူဇော်မှုဟာ အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ
ဒဿနပိုင်းကတော့ မှိန်နေခဲ့ပါတယ်။ အထွတ်အထိပ် ရောက်ပြီးနောက် ဓမ္မတာအတိုင်း
အထွတ်အထိပ်နေရာက လျှောဆင်းခဲ့ရပါတယ်။ အဲဒီလိုလျှောဆင်း လာရခြင်းဟာ
အတွေးအမြင် အသစ်တရပ် ပေါ်ပေါက်လာခဲ့လို့ပါ။ အဲ့ဒီ အတွေးမြင်သစ်တစ်ရပ်နဲ့
ကဏ္ဍသစ် ဖွင့်လှစ်လိုက်ခြင်းကို ဥပနိသျှဒ်ဝါဒ (ဝါ) ဥပါနိသျှဒ်ခေတ် ဖြစ်ပါတယ်။
ဗြာဟ္မဏခေတ်
(ဝါ) ကမ္မကဏ္ဍမှာ “လောကတွင် ယဇ်၏ လျှို့ဝှက်ချက်ဖော်ထုတ်ကာ
ပူဇော်ခြင်းလုပ်ငန်းမှတစ်ပါး အခြားယုံကြည်စရာ မရှိ” လို့ယုံကြည်ပါတယ်။
ဥပနိသျှဒ်ခေတ်
မှာတော့ “ လောကတွင် ဗြဟ္မာ သို့မဟုတ် အတ္တကို သိသည့် အသိဉာဏ်သည်သာ အရာရာကို
အဆုံးအဖြတ်ပေးသည် ” လို့ ယုံကြည်လာကြပါတယ်။ ဉာဏကဏ္ဍဟာ နောက်ပိုင်း ဒဿနကျမ်း
များရဲ့ ရေသောက်မြစ် ဖြစ်ပါတယ်။
တိတ္ထယ ဆိုတာ တိတ္ထိပုဒ်နှင့် ဣယ
ပစ္စည်းတို့ ပေါင်းစပ်ထားတာဖြစ်တယ်။ တိတ္ထိပုဒ်ရဲ့ အနက်က “အယူဝါဒ”။ ဣယ
ပစ္စည်းရဲ့ အနက်က “ရှိသူ”။ ဒီတော့ တိတ္ထိယဆိုတာ အယူဝါဒ ရှိသူ ဖြစ်တယ်။
ဒီနေရာမှာ အယူဝါဒ ရှိသူဆိုတာ မိမိတို့ရဲ့ ကျင့်စဉ်များနှင့် အယူဝါဒများကို
လွတ်လပ်စွာ ထူထောင်ကြသူများ ဖြစ်တယ်။ သူတို့ရဲ့ အကျင့် (ကျင့်စဉ်) ကတော့ “
တပ ” ခေါ် ပြင်းထန်တဲ့ အကျင့်များပဲ ဖြစ်ပါတယ်။ ကျင့်စဉ်များ အနေနဲ့ ကတော့
ကာမသုခလ္လိကာ ကျင့်စဉ်နဲ့ အတ္တကိလမထ ကျင့်စဉ် ဆိုပြီး နှစ်မျိုးရှိပါတယ်။
ကာမသုခလ္လိကာ
ကျင့်စဉ်ဆိုတာ (ကာမသုခ = ရလိုသော ချမ်းသာ + အလ္လိက = တမ်းတမ်းစွဲ) ရလိုသော
ချမ်းသာသုခကို မရမနေ တမ်းတမ်းစွဲ ကျင့်တဲ့ ကျင့်စဉ်ဖြစ်ပါတယ်။ အကျဉ်းချုပ်
ပြောရရင်တော့ “ ရယူရေး” ကျင့်စဉ်ပါ။
အတ္တကိလမထ ကျင့်စဉ် ကတော့ ( အတ္တ =
ခန္ဒာကိုယ် + ကလမထ = ညှဉ်းပန်းခြင်း) မမိ၏ ခန္ဓာကိုယ်ကို ညှဉ်းပန်း
တဲ့လမ်းစဉ် ဖြစ်ပါတယ်။ အကျဉ်းချုပ်ကတော့ စွန့်လွှတ်ရေး လမ်းစဉ် ဖြစ်ပါတယ်။
ဒါပေတဲ့ မျက်ကန်းစွန့်လွှတ်ရေး ဆိုတာမျိုး ဖြစ်နေပါတယ်။
အကျဉ်းနိုင်ဆုံး
အကျဉ်း ပြောရတာဖြစ်ပါတယ်။ သူတို့အားလုံးဟာ ခံယူချက်၊ ဝါဒ၊ အကျင့်
ကွဲပြားမည် ဖြစ်သော်လည်း သူတို့ ခေတ်အလျောက် ချမ်းသာကို ရှာဖွေကြတာ
ဖြစ်ပါတယ်။ တနည်း (မအို၊ မနာ၊ မသေ) ကိုရှာ ဖွေကြတာပါ။ မရကြပါဘူး။
(ဆက်ပါဦးမယ်)
(ဆရာကြီးဦးရွှေအောင်၏ ဝေဒခေတ်မှ ဗုဒ္ဓခေတ်တိုင်တောင် အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ် စာအုပ်မှ ကိုးကားသည်)
တော်လိုက်တာ ဘလော့ဂါရယ်.... အမြဲဘတ်ဘို့ လင့်လိုက်မယ်
ReplyDeleteဟုတ်ကဲ့။ ကျေးဇူး တင်ပါတယ် ခင်ဗျား))))
Deleteကိုသာဝကြီး လက်စွမ်းပြပြီ.. ခုမှ ရှောရှောရှူရှူ ဖတ်ရတယ်.. ဖေ့ဘုတ်မှာဆို အမြဲတမ်း တန်းလန်းချည်းပဲ ထားထားတယ်...
ReplyDeleteကြိုးစားပါ့မယ် ခင်ဗျား)
Deleteများများရေးပါခမြာ
ReplyDelete